ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမျိုးသားမှတ်ပုံတင်လုပ်ငန်းဆိုင်ရာ မှတ်တမ်းများအား ကွန်ပျူတာစနစ် ဖြင့် မှတ်တမ်းတင်ထိန်းသိမ်းခြင်းလုပ်ငန်း Software အသုံးပြုနည်းသင်တန်း ဖွင့်ပွဲတက်ရောက်၊ နိုင်ငံတော်အတွက် အရေးပါသည့် မှတ်တမ်းထိန်းသိမ်းခြင်း လုပ်ငန်းဖြစ်၍ ဂရုပြုဆောင်ရွက်ရန် မှာကြား

ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမျိုးသားမှတ်ပုံတင်လုပ်ငန်းဆိုင်ရာ မှတ်တမ်းများအား ကွန်ပျူတာစနစ် ဖြင့် မှတ်တမ်းတင်ထိန်းသိမ်းခြင်းလုပ်ငန်း Software အသုံးပြုနည်းသင်တန်း ဖွင့်ပွဲတက်ရောက်၊ နိုင်ငံတော်အတွက် အရေးပါသည့် မှတ်တမ်းထိန်းသိမ်းခြင်း လုပ်ငန်းဖြစ်၍ ဂရုပြုဆောင်ရွက်ရန် မှာကြား

နေပြည်တော်၊ ဇွန် ၂၆ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အမျိုးသားမှတ်ပုံတင်လုပ်ငန်း ဆိုင်ရာ မှတ်တမ်းများအား ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ထိန်းသိမ်းခြင်းလုပ်ငန်း (Digital Document Archiving System Software) အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ဇွန်လ (၂၆) ရက်၊ ယနေ့ နံနက်(၁၀)နာရီက နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင် ၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူ များ၊ သင်တန်းသား သင်တန်းသူများတက်ရောက်ကြသည်။

IMG_0019 IMG_0027IMG_0076

          အစီအစဉ်အရ ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအတွင်းနေထိုင်သူ လူတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များအား ၁၉၅၂ ခုနှစ်မှ စတင်၍ အမျိုးသားမှတ်ပုံတင်ပုံစံ(၁)များဖြင့် ဥပဒေနှင့်အညီ မှတ်တမ်းတင်သိမ်းဆည်းထားပါ‌ ကြောင်း၊ ယင်းပုံစံ(၁)ဖြင့် မှတ်တမ်းတင်ခြင်းကို ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပြဋ္ဌာန်းပြီး နောက်ပိုင်း ထပ်မံရေးသွင်းခြင်းမရှိတော့ပါကြောင်း၊ သို့သော်လည်း နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍ ပုံစံ(၁)များမှ ကိုယ်ရေးအချက်အလက်များကို အခြေခံ၍ ဥပဒေအရဆုံးဖြတ်ဆောင်ရွက်ရသည့် အတွက် ပုံစံ(၁)များ၏ အချက်အလက်များသည် အရေးကြီးသည့် အချက်အလက်များဖြစ်ပါကြောင်း၊ အမျိုးသားမှတ်ပုံတင်ပုံစံ(၁)မှတ်တမ်းများသည် နှစ်ကာလရှည်ကြာစွာ ထိန်းသိမ်းထားရှိသည့် စက္ကူ မှတ်တမ်းများဖြစ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ယခုအခါ ယင်းပုံစံ(၁)မှတ်တမ်း များကို Scan ဖတ်၍ ကွန်ပျူတာမှတစ်ဆင့် Software အသုံးပြုကာ Digital Document Archiving System ဖြင့် Server အတွင်း သိမ်းဆည်းနိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယင်းပုံစံ(၁)မှတ်တမ်းများသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် များဖြစ်သည်နှင့်အညီ နိုင်ငံသားဖြစ်မှုအတွက် ဥပဒေနှင့်အညီ တိုက်ဆိုင်စိစစ်နိုင်ရန် အရေးပါသည့် အထောက်အထားများဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းကို ဆောင်ရွက်ကြမည့် ဝန်ထမ်းများအနေဖြင့် စာရွက်စာတမ်းလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ယခုလုပ်ငန်းသည် ဌာနအတွက် သာမက နိုင်ငံတော်အတွက်အရေးပါသည့် မှတ်တမ်းထိန်းသိမ်းခြင်း လုပ်ငန်းဖြစ်ခြင်းကြောင့် စနစ်တကျ ဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

          အဆိုပါသင်တန်းသို့ သန္ဓေဝန်ထမ်းနှင့် အစားခန့်ဝန်ထမ်း စုစုပေါင်း (၃၃) ဦးတက်ရောက်၍ သင်တန်းကို(၂)ရက်ကြာပို့ချသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက နေပြည်တော်ရုံးချုပ်ရှိ အမျိုးသား မှတ်ပုံတင်ပုံစံ(၁)မှတ်တမ်းများအား Digital Document Archiving System Software အသုံးပြု၍ Server အတွင်း သိမ်းဆည်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ (-)

 

 

Sorry, the comment form is closed at this time.