ပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုညှိနှိုင်း၊ နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်သဖြင့် ကြိုတင်မျှော်တွေးဆောင်ရွက်ကြရန်မှာကြား။
နေပြည်တော်၊ ဩဂုတ် ၂၃ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ပန်းခင်းစီမံချက်ဆိုင်ရာ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ ဩဂုတ်လ (၂၃) ရက်၊ မွန်းလွဲ (၁) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဉီးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဉီးခင်ရီက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားအားလုံး ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်း စီမံချက်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းဆိုင်ရာတိုးတက်မှုနှုန်း နည်းပါးမှုများရှိ သော်လည်း တစ်ချို့ တိုင်းဒေသကြီး/ ပြည်နယ်တို့၌ ပြည်သူများအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးနေကြသည်ကို သိရှိရပါကြောင်း၊ ယခုကာလအတွင်း ဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့်အခြေအနေ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်အခြေအနေ၊ မီဒီယာပိုင်းမှ ပြည်သူများသိရှိစေရေး ဆောင်ရွက် ရမည့်အခြေအနေစသည်တို့ကို ကြိုတင်မျှော်တွေးဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ယခု ကာလကွင်းဆင်းဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အချိန်တွင်လုပ်ငန်းများကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ Work From Home အဖြစ် ဆောင်ရွက်ကြရန်လိုကြောင်း၊ အခြေအနေ ပေးလာသည်နှင့်တစ်ပြိုင်နက် ပန်းခင်းစီမံချက်ကိုအရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် လည်းအဆင်သင့်ပြင်ဆင်ထားကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင်မိမိတို့ဌာနမှဆောင်ရွက်လျက်ရှိသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ၊ လူဦးရေသန်းခေါင်စာရင်းဆိုင်ရာလုပ်ငန်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် e-ID Population Registry လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများကိုလည်း ရပ်တန့်မနေဘဲ ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ပန်းခင်းစီမံချက်ဆိုင်ရာ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရန်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းမှာကြား သည်။
ထို့နောက် ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လုပ်ငန်းလျာထားချက်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ပြီး ဌာန၏လုပ်ငန်းများသည် နိုင်ငံတော်အတွက်အရေးကြီးသည့်လုပ်ငန်းများဖြစ်ပြီး ပြည်သူများ အတွက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.