ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ခရိုင်၊မြို့နယ်မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင် များအား တွေ့ဆုံ၊ ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ခရိုင်၊မြို့နယ်မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်

သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင် များအား တွေ့ဆုံ၊ ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း

နေပြည်တော်၊ ဒီဇင်ဘာ ၁။

          မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မွန်ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့်အတူ ဒီဇင်ဘာလ ၁ရက်၊ မွန်းလွဲ(၂)နာရီက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်း ခန်းမ၌မွန်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များအား တွေ့ဆုံသည်။

IMG_0770

          ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က အမှာစကားပြောကြား  ရာတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်းက နိုင်ငံတစ်ဝန်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group)များဖွဲ့စည်းကာ အိမ်ထောင်စုလူဦးရေ စာရင်းများကို မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခဲ့ပါကြောင်း၊ ကောက်ယူ ရရှိသည့် စာရင်းအချက်အလက်မှတ်တမ်းများကို စုစည်း၍ လဝကမြို့နယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုစာရင်းရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်၍ Online စနစ်ဖြင့် ရုံးချုပ်ရှိ e-ID Server အတွင်းရှိအချက်အလက်များဖြင့် တိုက်ဆိုင်ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ပြီးစီးပါက တိကျသောလူဦးရေစာရင်းရရှိမည်ဖြစ်ပြီး ယင်းစာရင်းကိုအခြေခံကာ တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းကို ပြုစုနိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် အရေးအကြီးဆုံးဖြစ်သည့် လွတ်လပ် ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်မည်ဖြစ်ပါ ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းကို စာရင်းကောက်အဖွဲ့ (၁၀၀၀)ကျော်ဖြင့် သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ကောက်ယူ နိုင်ခဲ့ပြီး e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် (၅ဒဿမ၂) သိန်းကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့် (၆၀၀၀၀)ကျော်၊ စုစုပေါင်း   (၅ ဒဿမ ၈) သိန်းကျော် ကောက်ယူပြီးစီးခဲ့ပါကြောင်း၊ သို့သော်လည်း ကောက်ယူရရှိသည့် စာရင်းအချက်အလက် များအား ရုံးချုပ်ရှိ e-ID Server အတွင်း အချက်အလက် တိုက်ဆိုင်ပြင်ဆင်ဖြည့်သွင်း အတည်ပြုခြင်း လုပ်ငန်းများမှာ ဆောင်ရွက်ရန် အနည်းငယ်ကျန်ရှိနေသည့်အတွက် အချိန်မီပြီးစီးရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်း ကောက်ယူမည် ဖြစ်ရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ အတွင်းက စမ်းသပ် သန်းခေါင်စာရင်းကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကောက်ကွက်များ ရွေးချယ်သတ်မှတ် ကောက်ယူခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းစမ်းသပ်ကောက်ယူမှု အတွေ့အကြုံများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည် သုံးသပ်၍ ပြည်လုံးကျွတ် အဆင့်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာစသည့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းကာ အောင်မြင်စွာကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနမှတာဝန်ယူ၍ နိုင်ငံအတွင်း နေထိုင်သူ အားလုံးအား ကိုယ်ရေး အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ e-ID Dtatbase အတွင်းသိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ် ထုတ်ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ်ကိုလည်း ပန်းခင်းစီမံချက် နှင့်အတူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံသားကတ်ရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြား အသစ် လျှောက်ထားသူများအား e-ID စနစ်ဖြင့် တပါတည်း Biographic/ Biometric ကောက်ယူ ခြင်း ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းစဉ်အား ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အတွက် တိုက်တွန်းနှိုးဆော်ပေး ကြစေလိုပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်းအရ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်များဖြင့် နိုင်ငံတစ်ဝန်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မြေပြင်ကွင်းဆင်း ကောက်ယူရာတွင် အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စုများ ကိုလည်းကောင်း၊ ရွှေ့ပြောင်းသွားလာနေထိုင်ကြသူများကိုလည်းကောင်း အမှန်တကယ် အိမ်ထောင်စုစာရင်း ရှိ/မရှိ စိစစ်၍ နိုင်ငံတော်မှ လမ်းညွန်းချက်အရ မြို့နယ်အဆင့်ဖွဲ့စည်း ပေးထားသည့် (၅)ဦးကော်မတီဖြင့် အသေးစိတ် စိစစ်အတည်ပြုကာ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ် များသည် ဌာနဆိုင်ရာအဖွဲ့အစည်းအားလုံးက ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။IMG_0755 IMG_0772

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း မြေပြင် ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်လုပ်ငန်းများ၊ မဲစာရင်းမှန်ကန်စေရေးလုပ်ငန်းများ၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် သက်ဆိုင်ရာကော်မတီဝင်များက  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက်တာဝန်ရှိသူများက နယ်မြေဒေသအလိုက်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူမှု နှင့်ပန်းခင်းစီမံချက်လုပ်ငန်းများ‌ဆောင်ရွက်မှု ပြည်လုံးကျွတ်သန်းခေါင်စာရင်း‌ ကောက်ယူရေး အတွက် စီစဉ်ထားရှိမှု၊ မြေပြင်ကွင်းဆင်းကောက်ယူရရှိသော အချက်အလက်များအား e-ID Server သို့ ဖြည့်သွင်းတိုက်ဆိုင်အတည်ပြုဆောင်ရွက်မှု၊ မဲစာရင်းမှန်ကန်ရေးအတွက်ဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ ဒေသအာဏာပိုင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ အားလုံးက တက်ညီလက်ညီလက်တွဲ၍ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ခန်းမ၌ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံသည်။

IMG_0776

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဌာန၏ ရည်မှန်းချက် တာဝန်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအခြေအနေ၊ ထို့ပြင် နိုင်ငံတော် အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သည့် ပန်းခင်းစီမံချက်လုပ်ငန်းများ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူပြီးစီးသည့် စာရင်းဇယားအချက်အလက်များအား e-ID Server အတွင်း တိုက်ဆိုင် ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းလုပ်ငန်းများ၊ e-ID စနစ်အကောင်အထည်ဖော်ရေး အတွက် လူတစ်ဦးချင်းစီ၏ Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်း၊ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအခြေအနေများ၊ လက်ရှိအခြေအနေတွင် လုံခြုံရေးကို အလေးဂရုပြုဆောင်ရွက်ကြရေးနှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရေး၊ အထက် အောက်အပြန်အလှန် ချစ်ကြည်လေးစားယုံကြည်မှုရှိစေရေး၊ ထူးခြားဖြစ်စဉ်များနှင့် လုပ်ငန်း လိုအပ်ချက်များအား အချိန်မီတင်ပြဆောင်ရွက်ကြရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.