ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ကော့သောင်းခရိုင်အတွင်းရှိ ဝန်ထမ်းများအား တွေ့ဆုံမှာကြား၊ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် Biometric ကောက်ယူမှု လုပ်ငန်းဆောင်ရွက်မှုကြည့်ရှုအားပေး၊ နယ်စပ်ဂိတ်များ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလှည့်လည်ကြည့်ရှု

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ကော့သောင်းခရိုင်အတွင်းရှိ ဝန်ထမ်းများအား တွေ့ဆုံမှာကြား၊ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် Biometric ကောက်ယူမှု

လုပ်ငန်းဆောင်ရွက်မှုကြည့်ရှုအားပေး၊ နယ်စပ်ဂိတ်များ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလှည့်လည်ကြည့်ရှု

နေပြည်တော်၊ ဇန်နဝါရီ ၂၅ ။

          လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ (၂၅)ရက်၊ ယနေ့နံနက် (၁၀) နာရီက တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့ရှိ မဉ္ဇူသကခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကော့သောင်းခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးနှင့် လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ (ကော့သောင်း)တို့မှ ဝန်ထမ်းများအား တွေ့ဆုံသည်။

IMG_9685 (1)

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ရည်မှန်းချက်လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လက်ရှိအခြေအနေတွင် နိုင်ငံတော်အတွက် အရေးကြီးပြီး မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်ရမည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း၊ ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း၊ e-ID စနစ်အတွက် Biographic/Biometric ကောက်ယူခြင်းလုပ်ငန်းနှင့် ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် မိမိတို့ဌာနဝန်ထမ်းများနှင့် ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှု၊ ကော့သောင်းဒေသ သည် ထိုင်းနိုင်ငံနှင့် ရေလမ်းကြောင်းဖြင့် ဆက်စပ်နေသည့် နိုင်ငံတကာ ဝင်/ထွက် ပေါက်ဖြစ်သည် နှင့်အညီ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့် တိကျမှန်ကန်စွာစနစ်တကျ ဆောင်ရွက်ကြရေး၊ တစ်ဖက်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများ အားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဝင်/ထွက် သွားလာအလုပ်လုပ်ကိုင် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ ဝန်ထမ်းအချင်းချင်း အထက်/အောက် အပြန်အလှန်ယုံကြည်လေးစား၍ စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

IMG_9691

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမသို့သွားရောက်၍ အဆိုပါခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားဆောင်ရွက်ပေးခြင်း၊ e-IDစနစ်ဖြင့် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်း (One Stop Service) ဆောင်ရွက်ပေးနေမှုနှင့် မြို့နယ်ရုံးမှ နိုင်ငံသားကတ်ထုတ်ပေးမှုမှတ်ပုံတင်စာအုပ် (နိုင်-၄)ပါအချက်အလက်များအား ရုံးချုပ်Server အတွင်း ထည့်သွင်းထားသည့်အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ တိုက်ဆိုင်စိစစ် အတည်ပြု ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

IMG_9714

ထို့နောက် ပြည်‌ထောင်စုဝန်ကြီးက လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေး နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်ရေးတာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းများလာရောက် ဆောင်ရွက်ကြသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

အဆိုပါ အခမ်းအနားတွင် လာရောက်ဆောင်ရွက်သည့် ဒေသခံပြည်သူများအနက် နိုင်ငံသား ကတ်ပြားမရှိသေးသူများ၊ ပျောက်ဆုံး/ပျက်စီး၍ ပြန်လည်လျှောက်ထားသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးပြီးနောက် e-ID စနစ်အတွက် ကိုယ်ရေး အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)များ ကောက်ယူခြင်း လုပ်ငန်းကို တပါတည်းဆောင်ရွက်ပေးပြီး နိုင်ငံသားကတ်ရှိပြီးသူများအား Biographic / Biometric များကောက်ယူ၍ e-ID စနစ် အတွက် ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းကို တစ်နေရာတည်းတွင် တပါတည်း ဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားကတ်မရှိသူ (၄၁)ဦးအား နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ(၃၀)ဦးနှင့်အတူ စုစုပေါင်း (၇၁)ဦး အား e-ID စနစ် ဆောင်ရွက်ပေး၍ Unique ID နံပါတ်များ အသီးသီးထုတ်ပေးနိုင်ခဲ့သည်။

IMG_9736
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကော့သောင်း မြို့၊ ရွှေဝက်ဝံတံတားအနီးရှိ အလုပ်သမားဝန်ကြီးဌာန၊ ‌ရွှေ့ပြောင်းအလုပ်သမားရုံး၊ MoU U-Turn ဆောင်ရွက်ပေးသည့် စခန်းသို့သွားရောက်၍ MoU U-Turn အလုပ်သမားများအတွက် OWIC ကတ် ထုတ်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်‌ရေးဒုတိယဌာနခွဲမှ ဝန်ထမ်းမျာက  e- ID စနစ်ဖြင့် နိုင်ငံသား စိစစ် အတည်ပြုဆောင်ရွက်နိုင်ရေး စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှုနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်မှာကြားကာ စခန်းအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကော့သောင်းမြို့၊ မြို့မဆိပ်ခံတံတားယာယီဖွင့်လှစ်ဆောင်ရွက်မည့်နေရာနှင့် လူဝင်မှုစစ်ဆေးရေးဆိုင်ရာ ယာယီရုံး တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့မတံတားရှင်းလင်းဆောင်၌ နောင်ရိုးမြန်မာကုမ္ပဏီမှ လုပ်ငန်းတာဝန်ခံက ကော့သောင်းမြို့ အပြည်ပြည်ဆိုင်ရာ နယ်စပ် စစ်ဆေးရေးဂိတ်အသစ် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ၊ ဌာနဆိုင်ရာ ရုံးခန်းများဖွဲ့စည်းတည်ဆောက်မည့်  အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

IMG_9844

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့မတံတားရှိ လူဝင်မှုစစ်ဆေး‌ရေး ဒုတိယဌာနခွဲရှိ Passport ဖြင့် ဝင်ထွက်သွားလာသည့် နိုင်ငံခြားသားများ စစ်ဆေးရေး ကောင်တာနှင့် BP / TBP စစ်ဆေးထုတ်ပေးရေး ကောင်တာတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့မတံတားမှ ရေယာဉ်ဖြင့်ထွက်ခွာ၍ မြွေတော်ကျွန်း၊ ရတနာကျွန်းနှင့် သူဌေးကျွန်းတို့ရှိ လူဝင်မှုစစ်ဆေးရေးဂိတ် များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နယ်စပ်စစ်ဆေး ရေးဂိတ်များဖြစ်ပြီး သီးသန့်ကျွန်းများတွင်လုပ်ငန်းများဆောင်ရွက်ရသည့်အတွက် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျစစ်ဆေးဆောင်ရွက်ရေး၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရေးမှာကြားကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ ( – )

 

Sorry, the comment form is closed at this time.