ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးနှင့် သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များအားတွေ့ဆုံ မှာကြား၊ ဒေသခံပြည်သူများအား Biometric ကောက်ယူမှု လှည့်လည်ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးနှင့် သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှု

ကော်မတီဝင်များအားတွေ့ဆုံ မှာကြား၊ ဒေသခံပြည်သူများအား Biometric ကောက်ယူမှု လှည့်လည်ကြည့်ရှုအားပေး  

နေပြည်တော်၊ ဇန်နဝါရီ ၂၆ ။

          မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို နှင့်အတူ ဇန်နဝါရီလ (၂၆)ရက်၊ ယနေ့နံနက် (၁၁) နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဝင် များနှင့် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံသည်။

IMG_9943

          ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က အမှာစကားပြောကြား  ရာ၌ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် အရေးကြီးဆုံးဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိက အကျဆုံးမှာ မဲစာရင်းမှန်ကန်ရေးပင်ဖြစ်ပါကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် တိကျမှန်ကန် သည့် လူဦးရေစာရင်းအပေါ် အခြေခံတွက်ချက်ရသဖြင့် မှန်ကန်သည့် လူဦးရေစာရင်းရရှိနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့ (Working Group) များဖြင့် ကောက်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအနေဖြင့် စာရင်းကောက်အဖွဲ့ပေါင်း (၆၄၁) ဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင်  e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် ကောက်ယူမှု (၃ ဒဿမ ၅ ) သိန်းကျော်၊ အလွတ်ပုံစံဖြင့် ကောက်ယူမှု (၈) သောင်းကျော်၊  စုစုပေါင်း (၄ ဒဿမ ၃) သိန်းကျော်  ကောက်ယူပြီးစီးခဲ့ပြီး လျာထားချက် ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းအချက်အလက်များကိုလည်း ရုံးချုပ်ရှိ e-ID Sever အတွင်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ် ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းလုပ်ငန်းကိုလည်း အချိန်မီပြီးစီးအောင် ဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်း အရ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်များဖြင့် နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် မြေပြင်ကွင်းဆင်းကောက်ယူရာတွင် အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု (၈) သောင်းကျော်အနက် အမှန်တကယ် အိမ်ထောင်စုစာရင်းရှိ/မရှိ စိစစ်၍ နိုင်ငံတော်အစိုးရမှ မြို့နယ်အဆင့် ဖွဲ့စည်းပေးထားသည့် (၅)ဦးကော်မတီဖြင့် အသေးစိတ်စိစစ် အတည်ပြုကာ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက် အဆင့်(၃) ဖြင့် ဆက်လက် ဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနမှ တာဝန်ယူ၍ နိုင်ငံအတွင်း နေထိုင်သူအားလုံး အား ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ e-ID Database အတွင်းသိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်ထုတ်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် လူဦးရေ(၈)သောင်းကျော် ခန့်ကို ကောက်ယူပြီးစီးပြီဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကိုလည်း ပန်းခင်းစီမံချက်နှင့် အတူ နိုင်ငံသားကတ်ရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြားအသစ် လျှောက်ထားသူများပါ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ကောက်ယူမည်ဖြစ်ရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကော့သောင်းမြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်း၏ အောင်မြင်မှုအတွေ့အကြုံများကို ပြန်လည်သုံးသပ်၍ ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကိုလည်း တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကော်မတီအဆင့်ဆင့်က အောင်မြင်စွာ ကောက်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးရရှိ ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက်အားလုံးက သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးအောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ဖြင့်အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

IMG_9905 IMG_9926

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီး အတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူဆောင်ရွက်မှုနှင့် ဗဟိုကော်မတီသို့ သတ်မှတ်စာရင်း ဇယားများပေးပို့ပြီးစီးမှု၊ ပန်းခင်းစီမံချက် အဆင့်(၃) အတွက် လျာထားချက်များ ပြည့်မီပြီးစီးရေးနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် ကော်မတီများ အလိုက် လုပ်ငန်းများအောင်မြင်ရေးအတွက်  ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ရာနှုန်းပြည့်ကောက်ယူပြီးစီးရေးအတွက် ဆောင်ရွက်မှုအခြေအနေ၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း‌ ကောက်ယူရေးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် ပန်းခင်းအဆင့်(၃)ဖြင့် ဌာနဆိုင်ရာများ၊ နယ်မြေလူထုမှ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့၊ သာသနာ့ဗိမာန်၌ ထားဝယ် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ထုတ် ပေးခြင်း၊ e-ID စနစ်အတွက် Biographic / Biometric ကောက်ယူခြင်းလုပ်ငန်းတို့ကို One Stop Service ဖြင့် ဆောင်ရွက် ပေးနေမှုကို လှည့်လည်ကြည့်ရှုရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက် ပေးကာ ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးပြီးရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးသည်။

IMG_9958

          အဆိုပါအခမ်းအနားတွင် ထားဝယ်မြို့နယ်ရှိ ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြား မရှိသေးသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ထုတ်ပေးပြီးနောက် နိုင်ငံသားကတ်ရှိပြီးသူများနှင့်အတူ Biographic နှင့် Biometric များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်း ဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားကတ်မရှိသေးသူ (၁၇)ဦး အား နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ (၄၅)ဦးနှင့်အတူ စုစုပေါင်း(၆၂)ဦးအား  e-ID စနစ်ဆောင်ရွက်ပေးပြီး Unique ID နံပါတ်များ အသီးသီးထုတ်ပေးနိုင်ခဲ့သည်။

IMG_9964

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရိပ်သာ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို ရင်းနှီးချစ်ကြည်စွာဖြင့် လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများ နှင့်စားသောက်ဖွယ်ရာများပေးအပ်သည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရိပ်သာ၌ပင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ အပြင် နိုင်ငံတော်အတွက် လက်ငင်းဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး၊ လုပ်ငန်းလိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရေး၊ ပြည်သူအပေါ်ကိုယ်ချင်းစာတရားထားကာ ပြည်သူကယုံကြည်အားကိုး သည့်ဝန်ထမ်းများဖြစ်စေရေးအတွက် ကောင်းမွန်သောဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင် နိုင်ရေးစသည်ဖြင့် ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.