ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ငလျင်ဒဏ်ခံရသည့် မဟာအောင်မြေနှင့် ရမည်းသင်းခရိုင် အတွင်းရှိခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများနှင့် မန္တလေးလေဆိပ် ဝန်ထမ်းအိပ်ဆောင်များ ပျက်စီးဆုံးရှုံးမှုလှည့်လည်ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြား၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ဝေငှပေးအပ်။
နေပြည်တော်၊ ဧပြီ ၁၀ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဧပြီလ (၁၀)ရက် ၊ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်နှင့်မြို့နယ် ဦးစီးမှူးရုံးသို့လည်းကောင်း၊ ဝန်ထမ်းအိမ်ရာများသို့လည်းကောင်း သွားရောက်၍ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ရုံးအဆောက်အဉီနှင့် စာရွက်စာတမ်းများ ၊ ဝန်ထမ်းအိမ်ရာများ၊ ပျက်စီး ဆုံးရှုံးမှု ၊ ဝန်ထမ်းများနှင့် မိသားစုဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ရုံးအဆောက်အဦနှင့် အိမ်ရာများ အခြေအနေကို သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်စစ်ဆေး ၍ အဆင့်သတ်မှတ်ချက်အရ ဆက်လက်ဆောင်ရွက်ကြရန်နှင့် ယာယီရုံးများဖွင့်လှစ်၍ ဌာန၏ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး စီစဉ်ပေးရန် မှာကြားကာ လိုအပ်သည်များ ညှိုနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါရုံးဝန်းအတွင်းရှိဓမ္မာရုံ၌ ခရိုင်နှင့်မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ငလျင်ဒဏ်ခံရသည့် ဝန်ထမ်းများအား ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်၊ နိုင်ငံတော်မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသကဲ့သို့ ဝန်ကြီးဌာန အနေဖြင့်လည်း တတ်နိုင်သမျှ ကူညီထောက်ပံ့ဆောင်ရွက် ပေးနေမှုများ၊ ရုံးစာရွက်စာတမ်းများ စနစ်တကျပြန်လည်ထိန်းသိမ်းဆောင်ရွက်ထားရှိရေးနှင့် ယာယီရုံးများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းအားလုံး နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျစီစဉ်ဆောင်ရွက်ပေးရေး၊ တတ်နိုင်သမျှ စုစုစည်းစည်းနေထိုင်၍ အချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီဆောင်ရွက်ကြရေး အခြေအနေများနှင့် စပ်လျဉ်း၍ အားပေးစကားများ ပြောကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို အသီးသီးဝေငှပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက် ၍ အဆိုပါ လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ကျဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်း အိပ်ဆောင်များ ငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုအခြေအနေများနှင့် ယာယီတဲများဖြင့်ရွှေ့ပြောင်း နေထိုင်မှု၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ ဝန်ထမ်း များအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဝန်ထမ်း များ လုံလုံခြုံခြုံဖြင့် အမိုးအကာအောက် စနစ်တကျရောက်ရှိရေးနှင့် ကျန်းမာရေးအတွက် စနစ်တကျ နေထိုင်စားသောက်ရေး၊ လေဆိပ်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်သည်နှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို အစဉ်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိရေး၊ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် လိုအပ်သည်များကို ကြိုတင်တင်ပြထားရှိရေးနှင့် အချင်းချင်းအပြန်အလှန်ရိုင်းပင်းကူညီ ဆောင်ရွက်ကြရေး အားပေး စကားပြောကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများကို အသီးသီးဝေငှပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အဦများထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ယာယီရုံးဖွင့်လှစ် ဆောင်ရွက်နေမှုအခြေအနေကို လည်းကောင်း၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးသို့ သွား ရောက်၍ ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အဦများ စာရွက်စာတမ်းများ ထိခိုက်ပျက်စီးမှုနှင့် ယာယီရုံးများဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း လည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား ရုံးအဆောက်အဦများ ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးနိုင်ရေးနှင့် ပြန်လည်ပြင်ဆင်နိုင်မည့် အခြေအနေများကို ကြိုတင်မျှော်တွေးဆောင်ရွက်ထားရှိရေး၊ ပြည်သူကိုဝန်ဆောင်မှုပေးနိုင် ရေးအတွက် ယာယီရုံးများ ဖွင့်လှစ်ဆောင်ရွက်ရေးမှာကြားပြီးဝန်ထမ်းများအား တွေ့ဆုံအားပေး စကားပြောကြားကာ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို အသီးသီးဝေငှပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.