ပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင်၊ ၂၀၂၁ ခုနှစ် ၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်၊ COVID-19 ကို စနစ်တကျတုံ့ပြန်အံတုရင်း ကမ္ဘာမြေသာယာစေရေးအတွက် မျိုးဆက်ပွားကျန်းမာရေးကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား။

ပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင်၊ ၂၀၂၁ ခုနှစ် ၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်၊ COVID-19 ကို စနစ်တကျတုံ့ပြန်အံတုရင်း ကမ္ဘာမြေသာယာစေရေးအတွက် မျိုးဆက်ပွားကျန်းမာရေးကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား။

နေပြည်တော်၊ ဇူလိုင် ၉ ။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် (၉)ရက် ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဉီးအောင်ကျော်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစီအစဉ်အရရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ တွင် ယနေ့ကမ္ဘာပေါ်မှာ လူဉီးရေသန်းပေါင်း (၇၉၀၀)ခန့်ရှိကာ နှစ်စဉ်တိုးတက်လာလျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေသန်းပေါင်း (၈၅၀၀) ခန့်ရှိလာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ဖွွံ့ဖြိုးဆဲနိုင်ငံအများစုတွင် လူဦးရေလျင်မြန်စွာတိုးပွားနေခြင်းကြောင့် နောက်ဆက်တွဲ စိန်ခေါ်မှု များစွာကိုလည်း ရင်ဆိုင်နေရပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအားလုံးအနေဖြင့်ဖြစ်စေ၊ နိုင်ငံ တစ်နိုင်ငံချင်းအနေဖြင့်ဖြစ်စေ၊ အရေးကြီးနှင့်ဦးစားပေးဖြေရှင်းရမည့် လူဦးရေနှင့် ဆက်နွယ် ပတ်သက်နေသည့် အကြောင်းအရာများကို ဂရုပြုအာရုံစိုက်မိလာစေရန်နှင့် အလေးထား ဆောင်ရွက်လာစေရန် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နှစ်စဉ်ကျင်းပနေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားကို ၁၉၉၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ပြီး ယခုဆိုလျှင် (၃၂) ကြိမ်မြောက်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ယခင်နှစ်များက ကမ္ဘာ့လူဦးရေနေ့ကို ခမ်းခမ်းနားနားကျင်းပခဲ့သော်လည်း ယခုနှစ်တွင် COVID-19 ကပ်ရောဂါဖြစ်ပွားဆဲကာလဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကထုတ်ပြန်ထားသည့် COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ လူဦးရေနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာကိုယ်စားလှယ်များဖြင့်သာ အကျဉ်းချုံးကျင်းပခြင်းဖြစ်ပါကြောင်း၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်များကို သတ်မှတ်ရာတွင် အချိန် ကာလအလိုက်ဖြစ်ပေါ်နေသည့် လူဦးရေနှင့်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအပေါ် အခြေခံ သတ်မှတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က သတ်မှတ် ထားသည့် ဆောင်ပုဒ်ပါအချက်အလက်များကို အခြေခံ၍ ယခုနှစ်တွင် “ကမ္ဘာမြေသာယာဖို့ မျိုးဆက်ပွား ကျန်းမာရေးကိုမြှင့်တင်စို့” ဟုသတ်မှတ်ခဲ့ပါကြောင်း၊ ယင်းဆောင်ပုဒ်ကပေးလို သည့် အဓိကအချက်မှာ COVID-19 ကာလအတွင်း မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး လုပ်ငန်းများ၊ ဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင် နိုင်ငံသူ/ နိုင်ငံသားအားလုံး ကျန်းမာရေးနှင့် အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် ဖြစ်ပါကြောင်း၊ ကပ်ရောဂါစတင်ခဲ့သည့် ၂၀၁၉ နှစ်ကုန်ပိုင်းမှစ၍ ယနေ့ကာလအထိ ကမ္ဘာပေါ်တွင် လူ(၄)သန်းကျော်သေဆုံးခဲ့ပြီး (၁၈၅)သန်းခန့် ရောဂါကူးစက်ခံ ထားရပါကြောင်း၊ ကပ်ရောဂါဖြစ်ပွားမှု၏ ဒုတိယနှစ်အတွင်း ကာကွယ်ဆေးထုတ်လုပ်နိုင်ပြီ ဖြစ်သော်လည်း ရောဂါထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ တတိယလှိုင်းရိုက်ခတ်မှုများကြောင့် ကမ္ဘာသူ/ ကမ္ဘာသား အများစု၏ လူမှုစီးပွားဘဝများအပေါ် ဆိုးကျိုးများသက်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ (၅၅)သန်း ကျော်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေသန်း (၆၀) ခန့် ရှိလာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခင်နှစ်များက ကလေးမွေးနှုန်းမြင့်မားခဲ့မှု၏ အကျိုးဆက်အဖြစ် လူဦးရေဆုလာဘ်ကိုရရှိနေသည့် ကာလဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်များ၏အင်အားကို ထိထိရောက်ရောက် ထည့်သွင်း အသုံးချရန် လိုအပ်သကဲ့သို့ အနာဂတ်တွင်များပြားလာမည့် သက်ကြီးရွယ်အိုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် အားကောင်းလာစေရန်လည်း ကြိုတင်ပြင်ဆင်ထား ရမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် အမျိုးသားများ သေဆုံးမှုမြင့်မားခြင်းနှင့် ပြည်ပသို့ ရွှေ့ပြောင်းနှုန်းမြင့်မားခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေ သိသာစွာပိုများနေ သည်ကိုတွေ့ရပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် အမျိုးသမီး (၁၀၀) တွင် (၅၀)ခန့်သာ အလုပ်လုပ်နေသည့်အတွက် နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်းတို့၏လုပ်အားကို အပြည့်အဝအသုံးမချနိုင်သေးသည်ကို တွေ့ရပါကြောင်း၊ ထို့ပြင်မိသားစုလုပ်ငန်းများနှင့် အလုပ်အကိုင်အမျိုးအစား ခွဲခြားမဖော်ပြနိုင် သည့်လုပ်ငန်းများတွင် အများစုသည် အမျိုးသမီးများဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က COVID-19 သည် ကာလကြာရှည်စွာဆက်လက်တည်ရှိ နေမည်ဟု ခန့်မှန်းထားခြင်းကြောင့် မိမိတို့နိုင်ငံ၏လက်ရှိ လူဦးရေနှင့် လူမှုစီးပွားအခြေအနေ များအပေါ် ရေရှည်အကျိုးသက်ရောက်နိုင်မှုများကို ကြိုတင်ခန့်မှန်းတွက်ချက်ထားရန် လိုအပ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေဆုလာဘ်ရရှိနေချိန်၌ တိုးပွားလာသည့် လူငယ်လူရွယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်နေချိန်တွင် COVID-19 ကပ်ရောဂါကြီး ကာလကြာရှည်စွာဖြစ်ပေါ်နေမည်ဆိုပါက အလုပ်အကိုင်အသစ်များ ဖန်တီး မပေးနိုင်ယုံသာမက လက်ရှိအလုပ်အကိုင်များပါ ဆုံးရှုံးနိုင်ခြင်းကြောင့် ပြန်လည်ကုစားရေး အစီအစဉ်များကိုလည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်နေပြီဖြစ်ပါ ကြောင်း၊ ထို့ပြင် COVID-19 ကြောင့် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းလုပ်သားများစွာသည် အလုပ်အကိုင် များဆုံးရှုံးပြီး မိမိတို့နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် အလုပ်အကိုင်များ ပိုမိုရှားပါးလာပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေနှင့်လူမှု စီးပွားရေးဆိုင်ရာ အချက်အလက်များကို မှန်မှန်ကန်ကန် ဆန်းစစ်လေ့လာသုံးသပ်နိုင်ရန် မိမိတို့ ဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအချက်အလက်များကို ထုတ်ပြန် ပေးထား ပြီးဖြစ်ပါကြောင်း၊ ယင်းအချက်အလက်များသည် COVID-19 ကာလမဖြစ်ပွားမီ ကောက်ယူခဲ့ ခြင်းကြောင့် COVID-19 ၏ နောက်ဆက်တွဲအကျိုးဆက်များကို ဆန်းစစ်လေ့လာရန်နှင့် ကုစားရေးလုပ်ငန်းစဉ်များကို စနစ်တကျပြင်ဆင်နိုင်ရန် များစွာအထောက်အပံ့ဖြစ်စေမည် ဖြစ်ပါကြောင်း၊ လူသားမျိုးနွယ်အားလုံးသည် COVID-19 ကို စနစ်တကျတုံ့ပြန်အံတုရင်း ကမ္ဘာမြေသာယာစေရေးအတွက် မျိုးဆက်ပွားကျန်းမာရေးကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့အင်အားဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ လူဦးရေနေ့ဆောင်ပုဒ်နှင့်ဆက်နွယ်၍ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေ သည့် အချက်အလက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် Video Clip ကို ကြည့်ရှုအားပေးကြပြီး အခမ်းအနားကိုရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

Sorry, the comment form is closed at this time.