ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ပြီးစီးသည့် မြို့(၁၃)မြို့ အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ် တက်ရောက် ၊ မြို့နယ်ရုံးဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်မှု ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ပြီးစီးသည့် မြို့(၁၃)မြို့ အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ် တက်ရောက် ၊ မြို့နယ်ရုံးဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်မှု ကြည့်ရှုအားပေး။

နေပြည်တော်၊ ဇန်နဝါရီလ ၉ ။

ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ပြီးစီးသည့်မြို့နယ်အလိုက် မြို့(၁၃) မြို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ဇန်နဝါရီလ (၉) ရက်၊ ယနေ့မွန်းလွှဲ(၂) နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊  ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြစ်ကြီးနားမြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ခဲ့ခြင်းကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းသည် ယခင်အစိုးရအဆက်ဆက်က ပြည်သူ များအတွက် စီမံချက်များရေး ဆွဲဆောင်ရွက်ပေးခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မပြုလုပ်ရသေးသူများ ကျန်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းသို့ ကျန်ရှိနေခြင်းမှာ အချို့ပြည်သူများသည် နိုင်ငံသားကတ်၏ တန်ဖိုးကို သိရှိနားလည်ခြင်း မရှိသည့်အတွက် လာရောက်ဆောင်ရွက်မှု မရှိခြင်းသည် အကြောင်းတစ်ချက်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားသည် နိုင်ငံသားတစ်ဦး ရပိုင်ခွင့်ရှိသည့် နိုင်ငံသားအခွင့်အရေးများ အပြည့်အဝ ရရှိနိုင်သည့် အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ လူမှုဘဝဆောင်ရွက်မှုတိုင်း၌ အရေးကြီး၊ အရေးပါသည့် နိုင်ငံသားဖြစ်မှုအထောက်အထားကို နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း ရရှိကိုင်ဆောင်နိုင်ရေးအတွက် ယခုကဲ့သို့ နိုင်ငံတော်အစိုးရက ပြည်သူများ၏အကျိုး၊ နိုင်ငံတော်၏ အနာဂတ်အကျိုးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ က အလေးဂရုပြုတန်ဖိုးထားကြရန် လိုအပ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် ပြီးစီးရမည့် လျာထားအရေအတွက်အား သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်ရာ ယခုကချင်ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်များ၌ တစ်အိမ်တက်ဆင်း ဆောင်ရွက်မှု ကြောင့် ပြီးစီးပြီဖြစ်သည့် မြို့(၁၃)မြို့မှ ဝန်ထမ်းများနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများအား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ ကျန်ရှိနေသည့် လျာထားချက်များကိုလည်း အချိန်မီ ပြီးစီးအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် ပန်းခင်းစီမံချက် အပြင် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းနှင့် e-ID စနစ် အကောင်အထည် ဖော်ရေးလုပ်ငန်းများ ကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းများသည် မိမိဌာနမှ ဝန်ထမ်းများအပြင် ဆက်စပ်ဌာနများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများအားလုံးက ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးမှသာ အောင်မြင်နိုင်မည် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံနှင့်ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်း လင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် က ဒေသတွင်းတည်ငြိမ် အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရေး အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ် ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမှု၊  ပန်းခင်း စီမံချက်လျာထားချက် ပြီးမြောက်အောင်မြင် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များ အားလုံး၌ ဆောင်ရွက်ပြီးဖြစ်သည့် မြို့(၁၃)မြို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာ ခရိုင်ဦးစီးမှူးများနှင့် ကာယကံရှင် ပြည်သူများထံ အသီးသီးပေးအပ်ကြသည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးက နိုင်ငံတော်အစိုးရမှ ပြည်သူများအတွက် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ဝိုင်းမော်၊ တနိုင်း၊ ချီဖွေ၊ ဆော့လော်၊ မိုးကောင်း၊ ရွှေကူ၊ မိုးမောက်၊ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်နှင့် မံစီု စသည့် မြို့နယ် (၁၃) မြို့နယ်၏ မြို့နယ်ရပ်ကွက်များအားလုံး၌ တစ်အိမ်တက်ဆင်းစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် ယခုအခမ်းအနားတွင် အဆိုပါမြို့နယ် (၁၃)မြို့နယ် တို့မှ ဒေသခံပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်း (၅၃၇)စောင်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၃၂၆၉၄)ကတ် ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်ရီနှင့် ဦးစောထွန်းအောင်မြင့် တို့သည် မြစ်ကြီးနားတပ်နယ်၊ ဗလမင်းထင်ခန်းမသို့ သွားရောက်၍ မြစ်ကြီးနား မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက တပ်နယ်ရှိ မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။(-)

Sorry, the comment form is closed at this time.