ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဧရာဝတီတိုင်းဒေသကြီး၌ ကျင်းပသည့် ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ တက်ရောက်၊ စီမံချက် အောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြသည့် အဖွဲ့အစည်းအားလုံးအား ကျေးဇူးတင် စကားပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဧရာဝတီတိုင်းဒေသကြီး၌ ကျင်းပသည့် ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ တက်ရောက်၊ စီမံချက် အောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြသည့် အဖွဲ့အစည်းအားလုံးအား ကျေးဇူးတင် စကားပြောကြား။

နေပြည်တော်၊ ဖေဖော်ဝါရီ  ၆။

          လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ပန်းခင်း စီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ဖေဖော်ဝါရီလ (၆) ရက်၊ ယနေ့နံနက်(၈)နာရီတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်ကို နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃ ဒဿမ ၄) သန်းကျော်ကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်အထိ (၁၈) လတာ ကာလအတွင်း ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊  ယင်းသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် အချို့ဒေသများတွင် လုံခြုံရေးအခြေအနေ၊ ရာသီဥတုအခြေအနေ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးသည် နေရာ ဒေသတော်တော်များများ၌ ရေလမ်းခရီးကိုသာ အသုံးပြုသွားလာရသည့်အတွက် ကွင်းဆင်း ဆောင်ရွက်မှုများတွင် သွားလာရေးအခက်အခဲများစွာ ကြုံတွေ့ကြရပြီး ယင်းအဟန့်အတား အခက်အခဲများကြားမှ ဆောင်ရွက်ကြရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြု အထောက်အထားတစ်ခုဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်ပြီး လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်အရေးပါ သည့် ကတ်ပြားတစ်ခုဖြစ်ပါကြောင်း၊ ယင်းကတ်ပြားကို နိုင်ငံသားအားလုံး ရရှိကိုင်ဆောင်နိုင်စေ ရေးအတွက် ဥပဒေနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၉၇၃၄) ကတ် ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၂31299) ကတ် ပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၁10 ဒဿမ ၂8) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် တိုင်းဒေသကြီး / ပြည်နယ်များအနက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်သည့် ဒုတိယမြောက်တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပန်းခင်းစီမံချက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မိမိတို့ဌာန တစ်ခုတည်းကြောင့်မဟုတ်ဘဲ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းအဆင့်အဆင့်၏ ကြီးကြပ် ကွပ်ကဲမှု၊ ဆက်စပ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကြောင့်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအနေဖြင့် တိုင်းလုံးကျွတ် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဝန်ထမ်းများကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိ ကြောင်းကို ပြောကြားလိုပါကြောင်း၊   စီမံချက်အရလျာထားချက် ပြည့်မီအောင် ဆောင်ရွက် နိုင်သော်လည်း  နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းစဉ်သည် ပြီးဆုံးသည့်လုပ်ငန်း မဟုတ်ဘဲ စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အားလုံးက ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီး အတွင်း ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင် အကောင် အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်းစီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ပြီးနောက်  ပန်းခင်းစီမံချက် တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှ ဝန်ထမ်းများအား တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို အသီးသီးတပ်ဆင်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများ အတွက် Computer ၊ Printer ၊ မိတ္တူကူးစက်နှင့် ကွန်ပျူတာခုံများကို ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးဦးစီးမှူးက လက်ခံရယူသည်။

ယင်းနောက် တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပန်းခင်း စီမံချက်အောင်မြင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင် နှင့်မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့် ဦးစီးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနတွင် e-ID စနစ်လုပ်ငန်းဆောင်ရွက်ရန် ဖေဖော်ဝါရီလ(၃)ရက်က အီလက်ထရောနစ် မှတ်ပုံတင်ရေးဉီးစီးဌာနအား ပြည်ထောင်စု အစိုးရအဖွဲ့မှ ဖွဲ့စည်းခွင့်ပြုခဲ့မှုအခြေအနေနှင့် e-ID စနစ်လုပ်ငန်းနှင့်ပတ်သက်သည့်များကို ရှင်းလင်းပြောကြားပြီး အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးရဲထွန်းဉီးက e-ID စနစ်အကြောင်း သိကောင်းစရာများနှင့်ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးက ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ခြင်းအထိမ်းအမှတ် လက်ဆောင်များကို ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများအား လိုက်လံပေးအပ်ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာနှင့် မြောင်းမြ စသည့် ခရိုင်(၆) ခု၊ မြို့နယ် (၂၆) မြို့နယ်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၉၇၃၄) ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခု (၂၃၁၂၉၉) ကတ်၊ ရာခိုင်နှုန်း အားဖြင့် (၁၁၀ ဒဿမ ၂၈) ရာခိုင်နှုန်း ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့သည့်အတွက် တိုင်းလုံးကျွတ် လျာထားချက်ရာခိုင်နှုန်း ပြည့်မီပြီးမြောက်ခဲ့ခြင်းပြီး မှတ်တမ်းမှတ်ရာ စာရင်းဇယားအားလုံးအား သက်ဆိုင်ရာ တာဝန်ရှိသူများက အတည်ပြုလက်မှတ်ရေးထိုးထားပြီးလည်းဖြစ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးပြီးသူများ၏ ကိုယ်ရေး အချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်းနေမှု၊ နေပြည်တော် (ရုံးချုပ်)မှ ပေးပို့သည့် အချက်အလက်များနှင့် တိုက်ဆိုင်၍ e-ID စနစ် အကောင်အထည်ဖော်ရာတွင် ချိတ်ဆက် အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက နိုင်ငံတော်တာဝန်များကို ရှေ့လုပ်ငန်းစဉ်  (၅) ရပ် ချမှတ် ဆောင်ရွက်နေမှု၊ ယင်းရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်သကဲ့သို့ မိမိတို့ဌာနက ဆောင်ရွက် နေသည့် ပန်းခင်းစီမံချက်နှင့် ဆက်စပ်နေမှု၊ နိုင်ငံတော်စီမံချက်ဖြစ်သည့် ပန်းခင်းစီမံချက်ကို ဧရာဝတီတိုင်းဒေသကြီးမှ သတ်မှတ်ကာလအတွင်း လျာထားချက် ရာနှုန်းပြည့်ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် အသိအမှတ်ပြုဂုဏ်ပြုမှု၊ ယင်းလုပ်ငန်းစဉ်အား စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် ဌာန၏လုပ်ငန်းများဖြစ်ပြီး နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် နိုင်ငံခြားသား ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့် e-ID စနစ် လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ရေး အခြေအနေများ၊ လုပ်ငန်း များ ဆောင်ရွက်ရာ တွင် ဥပဒေနှင့်အညီဖြစ်စေရေးနှင့် စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့ အတွက် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ကျွမ်းကျင်ပိုင်နိုင်ကြရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းမှာကြားပြီးဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။ (-)

 

 

 

Sorry, the comment form is closed at this time.