ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ကိုယ်တိုင်သိရှိနားလည်ပြီး လက်အောက်သို့ ကြီးကြပ်ကွပ်ကဲ၍ အချင်းချင်း အပြန်အလှန် ဆက်စပ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ကိုယ်တိုင်သိရှိနားလည်ပြီး

လက်အောက်သို့ ကြီးကြပ်ကွပ်ကဲ၍ အချင်းချင်း အပြန်အလှန် ဆက်စပ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။

နေပြည်တော်၊ မေ ၁၇ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၁၆)ရက် ၊ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့် ၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ညွှန်ကြားရေးမှူးများ ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာန၏ ရည်မှန်းချက် တာဝန်မျာကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိ ကိုင်ဆောင်နိုင်ရန် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းကို စစ်ဆင်ရေး တစ်ရပ်အသွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက် သည် နိုင်ငံသားကတ်မရှိသေးသူ (၃ ဒသမ ၄) သန်းကျော်ကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်ထိ (၁၈) လကြာဆောင်ရွက်ရမည်ဖြစ်ရာ ယခုစီမံချက်ကာလ (၁) နှစ်ရှိပြီ ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစီမံချက်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကန့်သတ်ချက်၊ လုံခြုံရေး ဆိုင်ရာအဟန့်အတားတို့ကြားမှ သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ရသည့် စီမံချက်ဖြစ်သော်လည်း ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှု၊ ဒေသအာဏာပိုင် များ၏ ကြီးကြပ်ပံ့ပိုးမှုတို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၉၅) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါကြောင်း၊ စာရင်းဇယားတင်ပြချက်များအရ လျာထားချက်ပြည့်မီ ပြီးစီးသော်လည်း ဆောင်ရွက်ပြီး စာရင်းဇယားအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်း ပြီးစီးမှုကို မြို့နယ်အချင်းချင်း၊ တိုင်းဒေသကြီး/ပြည်နယ်အချင်းချင်း အပြန်အလှန် စစ်ဆေးမှုများ ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံသားကတ်ပြား မပြုလုပ်ရသေးသူ မကျန်ရှိစေရေးအတွက် လည်း ပြည်သူများကို နည်းမျိုးစုံဖြင့် အသိပညာပေးကာ သွားလာနေထိုင်ဆောင်ရွက်မှုတိုင်း နိုင်ငံသားကတ်ပြား ကိုင်ဆောင်ထားရှိရေး စိစစ်ဆောင်ရွက်ကြရန်နှင့် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်လိုကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) ရှိ စာရင်းမှတ်တမ်းအချက်အလက်များအား နည်းပညာ၊ စက်ကိရိယာများအသုံးပြု၍ ကွန်ပျူတာ အတွင်း ထည့်သွင်းဆောင်ရွက်ခြင်းကို မိမိတို့ဌာနနှင့် ဆက်စပ်ဌာနများ၊ လုပ်အားပေးလူငယ်များ အင်အားဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ တိကျမှန်ကန်သော မဲစာရင်းပြုစုရာ တွင် မှန်ကန်သော အချက်အလက်များအဖြစ် အထောက်အကူပြု ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ယခင်ရွေးကောက်ပွဲကျင်းပမှု စာရင်းများအရ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မဲဆန္ဒနယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကွင်းဆင်းဆောင်ရွက် ပေးရန် အခက်အခဲရှိသည့်နယ်မြေ စသည်တို့ကို စာရင်းပြုစုထားကြရန်နှင့် လက်ရှိအခြေအနေ အရ ဆောင်ရွက်နိုင်မည့် ဒေသများကိုလည်း ကြိုတင်မျှော်တွေး ပြုစုထားကြရန်လိုကြောင်း၊ သို့သော်လည်း မိမိတို့ဌာနအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားကတ်ကိုင်ဆောင်မဲ ပေးနိုင်ရေးကို အဓိကထား ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ မဲစာရင်းမှန်ကန်ရေးအတွက် နည်းပညာဖြင့် အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်နေမှုလုပ်ငန်းသည်လည်း အရေးကြီးပါ ကြောင်း၊ ယခု နည်းပညာဆိုင်ရာ ဆောင်ရွက်မှုများသည် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်မည့် e-ID စနစ်လုပ်ငန်းကိုလည်း များစွာအထောက်အကူဖြစ်စေပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အချက်အလက်မှန်ကန်စေရန် ယခုကတည်းက စနစ်တကျဆောင်ရွက်ကြ ရန်လိုကြောင်း၊ ထို့ပြင် ပြည်တွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား စနစ်တကျ ကြီးကြပ်ထိန်းသိမ်းရေး၊ ပြည်တွင်းနေ နိုင်ငံခြားသားများအား သတ်မှတ် အခွန်ဆောင်မှုရှိစေရေးတို့အတွက် နည်းပညာများ အသုံးပြုဆောင်ရွက်လျက်ရှိရာ နယ်မြေဒေသအလိုက် နိုင်ငံခြားသားများနှင့်ပတ်သက်သည့် အချက်အလက်များ ပြည့်စုံ မှန်ကန်စွာဖြည့်သွင်း၍ သတ်မှတ်ချိန်အတွင်း ပြုစုပေးပို့ကြရန်လိုကြောင်း၊ မိမိတို့ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများသည် မိမိတို့ဌာနဝန်ထမ်းများအပြင် ဒေသအာဏာပိုင်များ၊ ဆက်စပ် ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ပြီး ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်မှုတိုင်း၌ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် ပြည်သူများလိုက်ပါပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် နည်းလမ်းပေါင်းစုံဖြင့် ရှင်းလင်းချပြ အသိပေးဆောင်ရွက်ကြရန်လိုကြောင်း၊ တာဝန်ရှိသူ များအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ကိုယ်တိုင်သိရှိနားလည် သဘောပေါက်ပြီး လက်အောက်သို့ ကြီးကြပ်ကွပ်ကဲ၍ အချင်းချင်း အပြန်အလှန်ဆက်စပ် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၏ ပံ့ပိုးကူညီမှုရရှိစေရန် လိုအပ်ချက်များကို အချိန်မီတင်ပြကြရန် လည်းလိုကြောင်း၊ ယခုလည်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက် များကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလ အတွင်း လျာထားချက်ပြည့်မီပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာန အဖွဲ့အစည်းများ ဖြင့်ပူးပေါင်း၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်-၄ မှတ်တမ်းများအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ ဦးစီးရုံးချုပ်သို့ နေ့စဉ်ပေးပို့နေမှု၊ ပြည်သူများအား နိုင်ငံသားကတ်ပါရှိခြင်း ရှိ၊ မရှိ နယ်မြေဒေသအလိုက် စစ်ဆေးဆောင်ရွက်နေမှု၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ နိုင်ငံခြားသားများအား စနစ်တကျနေထိုင်သွားလာနိုင်ရေးအတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက် နေမှု၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည်များကို ဖြည့်စွက်တင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းတစ်ခုချင်းအပေါ် အားနည်းချက်၊အားသာချက်များ၊စာရွက်စာတမ်း များနှင့်အချက်အလက်များလုံခြုံရေးအတွက် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းကြရေးအခြေအနေ များနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဌာနမှဆောင်ရွက် နေသည့်လုပ်ငန်းများသည် နိုင်ငံတော်အတွက်အရေးကြီးပြီး မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်ကြရမည့်အခြေအနေ၊ လုပ်ငန်းနှင့်ပတ်သက်သည်များကို အောက်ခြေဝန်ထမ်းများပါ သိရှိနားလည်ပြီး နိုင်ငံတော်နှင့်ဌာနအပေါ် သစ္စာစောင့်သိကာ ကြိုးပမ်းဆောင်ရွက်ကြရေး၊ ပြည်သူကို ထိရောက်သော ဝန်ဆောင်မှုပေးကာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရေး နှင့် ကျန်းမာရေးအသိ၊ လုံခြုံရေးသတိဖြင့် ဂရုပြုဆောင်ရွက်ကြရေးအခြေအနေများနှင့်စပ်လျဉ်း၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ည (၈) နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.