ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ တက်ရောက်၊ လုပ်ငန်းအောင်မြင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းအားလုံးအား ကျေးဇူးတင်စကားပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ တက်ရောက်၊

လုပ်ငန်းအောင်မြင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းအားလုံးအား ကျေးဇူးတင်စကားပြောကြား။

နေပြည်တော်၊ မေ ၂၇ ။

          နိုင်ငံသားတိုင်း ၎င်းတို့၏နိုင်ငံသားဖြစ်မှုအရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ အစိုးရအဆက်ဆက် စီမံချက်များရေးဆွဲကာ ပြည်သူများအတွက် ထိထိရောက်ရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ယခုအခါ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် အားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးတို့အတွက် ပန်းခင်းစီမံချက် ရေးဆွဲကာ နိုင်ငံတစ်ဝန်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြင့် မေလ (၂၇) ရက်၊ နံနက် (၁၀) နာရီက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပသည့် ရခိုင်ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲတွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ တက်ရောက်အမှာစကား ပြောကြားသည်။

          အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်အတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီ ဦးခင်ရီက ပန်းခင်းစီမံချက်သည် ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်အထိ (၁၈) လကြာသတ်မှတ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ရန်ရှိသည့် လျာထားချက်များအတိုင်း ပြည့်မီပြီးစီးအောင် ဆောင်ရွက် ကြရမည့် စီမံချက်တစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းစီမံချက်သည် ယခုအခါ စီမံချက်ကာလ (၁)နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ပြီး ယင်းကာလအတွင်း ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေး၊ တနင်္သာရီနှင့် မကွေး စသည့် တိုင်းဒေသကြီး (၆) ခုသည် တိုင်းလုံးကျွတ် လျာထားချက် ပြည့်မီအောင်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယခု ရခိုင်ပြည်နယ်သည်လည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရန် (၁၅၇၈၀၆) ကတ်လျာထားရာ ယခုအထိ (၁၈၃၃၉၉) ကတ်၊ (၁၁၆ ဒသမ ၂၂) ရာခိုင်နှုန်း ထုတ်ပေးပြီးစီးပြီဖြစ်သည့်အတွက် (၇) ခုမြောက် ပြည်နယ်လုံးကျွတ် ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကန့်သတ်ချက်များ၊ လုံခြုံရေးဆိုင်ရာအဟန့်အတားများကြားမှ သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီပြီးမြောက်အောင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် အနေဖြင့်လည်း လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး မြစ်ချောင်းများ ၊ ရေလမ်းကြောင်း များ ပေါများခြင်းကြောင့် လုပ်ငန်းဆောင်ရွက်ရာတွင် ခက်ခဲပင်ပန်းမှုများရှိပါကြောင်း၊ သို့သော်လည်း ဝန်ထမ်းအားလုံးက တက်ညီလက်ညီဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြု မှတ်တမ်းတင် ပါကြောင်း၊ ယင်းစီမံချက်သည် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်သော်လည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏ ဝိုင်းဝန်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှသာ ပြီးမြောက်အောင်မြင်နိုင်မည့် စီမံချက်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြီးမြောက် အောင်မြင်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသူအားလုံးအား အထူးကျေးဇူးတင်ရှိ ပါကြောင်းကို ပြောကြားလိုပါကြောင်း၊ နိုင်ငံသားကတ်သည် လူတစ်ဦးချင်းစီအတွက် လူမှုဘဝ ဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်လိုအပ်သည့် အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ သို့သော် လည်း ပြည်သူများအနေဖြင့် နိုင်ငံသားကတ်၏ အသုံးဝင်တန်ဘိုးကို သိရှိနားလည်ခြင်း မရှိသဖြင့် အလေးအနက်ထားရယူကိုင်ဆောင်ခြင်းမရှိကြဘဲ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၏ ထောက်ခံစာများဖြင့်သာ သွားလာဆောင်ရွက်နေကြသည်ကိုတွေ့ရပါကြောင်း၊ နိုင်ငံသားအားလုံး နိုင်ငံသားကတ် ရရှိကိုင်ဆောင်နိုင်ရေးရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့် ဧပြီလ (၁) ရက်နေ့မှစ၍ ပြည်သူများသွားလာဆောင်ရွက်မှုများအတွက် နိုင်ငံသားကတ်ဖြင့်သာ ပြသဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ကိုင်ဆောင်နိုင်ရန် ကိုလည်း ပြည်သူများသို့အသိပေးကြေညာခြင်းကို နိုင်ငံပိုင်မီဒီယာများဖြင့်လည်းကောင်း၊ အသိပေး ပိုစတာဆိုင်းဘုတ်များဖြင့်လည်းကောင်း ကြိုတင်ကြေညာ အသိပေးထားပြီးလည်း ဖြစ်ပါ ကြောင်း၊ ယင်းကဲ့သို့ နိုင်ငံသားအားလုံးအတွက် မဖြစ်မနေ ဆောင်ရွက်ကိုင်ဆောင်ကြရမည့် နိုင်ငံသားကတ်ကို မိမိတို့ဌာနမှ ဥပဒေနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် လွယ်ကူစွာ ဆောင်ရွက်ပေး နေပြီဖြစ်ရာ ပြည်သူများက သက်ဆိုင်ရာရုံးများ၌ သတ်မှတ်အထောက်အထား၊ စာရွက်စာတမ်း များဖြင့် တင်ပြလျှောက်ထားရယူကြရန်လိုကြောင်း၊ ယခုအခါ နိုင်ငံတော်မှ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် မိမိတို့ဌာန မြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းရှိ အချက်အလက် များအား ကွန်ပျူတာဖြင့် ဖြည့်သွင်းကာ Online ဖြင့် နေပြည်တော်ရုံးချုပ်ရှိ Server သို့ ပေးပို့ ဆောင်ရွက်သည့်လုပ်ငန်းကို မိမိတို့ဌာနမှတာဝန်ယူ၍ သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများ၊ လုပ်အားပေးလူငယ်များဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းအချက်အလက်များသည် မဲစာရင်းမှန်ကန်ရေးအတွက် အဓိက အထောက်အကူဖြစ်စေသည့်အပြင် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် e-ID စနစ် လုပ်ငန်းကိုလည်း များစွာအထောက်အကူဖြစ်စေပါကြောင်း၊ ယခုကဲ့သို့ ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ပြီး  ဖြစ်သော်လည်း မှတ်တမ်းများ စနစ်တကျဖြစ်စေရေးနှင့် မှန်ကန်စေရေးအတွက် မြို့နယ် အချင်းချင်း၊ ခရိုင်အချင်းချင်း၊ အပြန်အလှန် စစ်ဆေးဆောင်ရွက်ခြင်းကိုလည်း ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားများအား နိုင်ငံသားကတ်ထုတ်ပေးခြင်းသည် လုပ်ငန်းသဘောသဘာဝအရ စဉ်ဆက်မပြတ်ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ရာ အားလုံးက ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ်လျာထားချက် ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများအား ရခိုင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်ခဲ့မှုမှတ်တမ်း Video ကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်းစီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ပြီးနောက်  ပန်းခင်း စီမံချက်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ်မှ ဝန်ထမ်းများအား တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို အသီးသီးတပ်ဆင်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ပန်းခင်းစီမံချက် အောင်မြင် ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့် ဦးစီးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ကြသည်။

ထို့နောက် ရခိုင်ရိုးရာအက မဟာနွယ်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မြို့နယ်အသီးသီး၏ ပန်းခင်းစီမံချက်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ များ၊ မြို့နယ်အလိုက် လျာထားချက်ပြီးစီးမှု အထောက်အထား မှတ်တမ်းစာရွက်စာတမ်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူနှင့် သံတွဲ စသည့် ခရိုင်(၅) ခု၊ မြို့နယ် (၁၇) မြို့နယ်၊ ရပ်ကွက် (၁၈၉) ခု ၊ ကျေးရွာအုပ်စု (၁၀၃၇) အုပ်စု ၊ ကျေးရွာပေါင်း (၃၇၃၈) ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၇၈၀၆) ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခု (၁၈၃၃၉၉) ကတ်၊ ရာခိုင်နှုန်းအားဖြင့် (၁၁၆ ဒသမ ၂၂) ရာခိုင်နှုန်း ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့သည့်အတွက် ပြည်နယ်လုံးကျွတ် လျာထားချက် ရာခိုင်နှုန်းပြည့်မီ ကျော်လွန်ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများ သည် စစ်တွေမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ နိုင်ငံသားကတ် ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) ပါ အချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအား ယခုလုပ်ငန်းစဉ်သည် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် အဓိကအရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်မှု၊ နိုင်-၄ မှတ်တမ်းများ ရိုက်သွင်း၍ နေပြည်တော်ရုံးချုပ်ရှိ Server သို့ Online မှ ပေးပို့ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။(-)

 

Sorry, the comment form is closed at this time.