ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်နှင့် မန္တလေးတို့ရှိ မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များအား တွေ့ဆုံမိတ်ဆက်၊ ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်း၍ ပြည်သူများပိုမိုသိရှိစေရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီပေးရန် တိုက်တွန်း။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်နှင့် မန္တလေးတို့ရှိ မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များအား တွေ့ဆုံမိတ်ဆက်၊

ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်း၍ ပြည်သူများပိုမိုသိရှိစေရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီပေးရန် တိုက်တွန်း။

နေပြည်တော်၊ နိုဝင်ဘာ ၁၀ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ မီဒီယာများအား တွေ့ဆုံမိတ်ဆက်ရှင်းလင်းခြင်းကို နိုဝင်ဘာလ ၁၀ ရက်၊ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူများ ၊ နိုင်ငံပိုင်မီဒီယာများအပါအဝင် နေပြည်တော်နှင့် မန္တလေးတို့ရှိ ပုဂ္ဂလိက မီဒီယအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုကဲ့သို့ နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာအသီးသီးမှ ကိုယ်စားလှယ်များအား တွေ့ဆုံမိတ်ဆက်ခွင့် ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခုအခမ်းအနားသည် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကို မီဒီယာအဖွဲ့အစည်းများ သိရှိစေရေးအတွက် ရှင်းလင်းချပြခြင်းဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခြင်းမဟုတ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စီမံချက်များ ဖြစ်သော နိုင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးသည့် ပန်းခင်းစီမံချက်နှင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့်ဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစီမံချက်များသည် ကြီးမားကျယ်ပြန့်ပြီး အခြားသော ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရသည့်အပြင် ပြည်သူများပူးပေါင်း ပါဝင်ကူညီမှသာ အောင်မြင်နိုင်မည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး ခြင်းလုပ်ငန်းကို ယခင် နိုင်ငံတော်အစိုးရအဆက်ဆက် ဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ ယခင်က မိုးပွင့်စီမံချက်၊သစ္စာစီမံချက်တို့ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ပြည်သူများအတွက် ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး နိုင်ရန် ပန်းခင်းစီမံချက်ဖြင့် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသား ကတ်ရရှိမှုသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိပြီး လူမှု့ဘဝပြည့်စုံ နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည်လည်း နိုင်ငံတကာ၌(၁၀)နှစ်လျှင် တစ်ကြိမ်ကောက်ယူကြရာ မိမိတို့နိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် အဆင့်ကောက်ယူနိုင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ပြန်လည်ကောက်ယူရန် အလှည့်ကြရောက်ပြီ ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ စီးပွားရေးစီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် အခြေခံတွက်ချက်ဆောင်ရွက်ရသည့် တိကျမှန်ကန်သော လူဦးရေကိန်းဂဏန်း အချက်အလက်များ ရရှိစေရေးအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊  ထို့ပြင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပ ရောက် မြန်မာနိုင်ငံသားဟောင်းများအား နိုင်ငံသားအဖြစ် ပြန်လည်လက်ခံရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံ တွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များသည် ပြည်သူများ၏အကျိုးအတွက် ပြည်သူကိုဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများပင်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို  ပြည်သူများသိရှိနားလည် ပူးပေါင်း လာစေရေးအတွက် ဝန်ကြီးဌာနမှ Online , Offline အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် လျက်ရှိသော်လည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်ပိုမိုသိရှိလာစေရေးအတွက် ယခုကဲ့သို့ မီဒီယာ အဖွဲ့အစည်းများအား တွေ့ဆုံရှင်းလင်းချပြခြင်းဖြစ်ပါကြောင်း၊ မီဒီယာအဖွဲ့အစည်းများကလည်း မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူများပိုမိုသိရှိစေရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် မီဒီယာအသီးသီးမှ ကိုယ်စားလှယ်များ၏ အမည်စာရင်းအား ဖတ်ကြားတင်ပြပြီး ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်နိုင်မည့် တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသည့် မီဒီယာကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ လိုက်လံပေးအပ်ပြီး လ္ဘက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.