ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များအားတွေ့ဆုံ၊ နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်၍ အောင်မြင်အောင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်မှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် 

သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များအားတွေ့ဆုံ၊  နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်၍

အောင်မြင်အောင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်မှာကြား

နေပြည်တော်၊ ဒီဇင်ဘာ ၅။

          မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ဒီဇင်ဘာလ ၅ ရက်၊ နံနက်(၉)နာရီခွဲက ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့တက်ရောက်သည်။IMG_0957

          အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အဓိက အရေးအကြီးဆုံးမှာ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးပင်ဖြစ်ပါကြောင်း၊ ယင်းသို့ မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် တိကျသည့်လူဦးရေစာရင်းရရှိစေရန် တစ်နိုင်ငံလုံး အတိုင်း အတာ ဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များဖြင့် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်းက မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခဲ့ပြီး ဖြစ်ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းအချက်အချက်အလက်များကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မှတ်တမ်းများစုစည်း၍ လဝကမြို့နယ်ဦးစီးမှူးရုံးများရှိ ရုံးလက်ခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်၍ Online စနစ်ဖြင့် ရုံးချုပ်ရှိ e-ID Server အတွင်းရှိ အချက်အလက်များဖြင့် တိုက်ဆိုင်ပြင်ဆင် ဖြည့်စွက်အတည်ပြုဖြည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့အထိ စာရင်းကောက် အဖွဲ့ (၅၈၀၀) ကျော်က e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် (၂ ဒဿမ ၁) သန်းကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့် (၁) သန်းခန့်၊ စုစုပေါင်း (၃ ဒဿမ ၁) သန်းကျော် ကောက်ယူနိုင်ခဲ့ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းအချက်အလက်များအား ရုံးချုပ်ရှိ e-ID Server အတွင်း အချက်အလက်တိုက်ဆိုင်ပြင်ဆင်ဖြည့်သွင်းအတည်ပြုခြင်းလုပ်ငန်းမှာ ဆောင်ရွက်ရန် အနည်းငယ်ကျန်ရှိနေသည့်အတွက် အချိန်မီပြီးစီးနိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ယင်းစာရင်းများအရ အိမ်ထောင်စုစာရင်းရှိသော်လည်း နိုင်ငံသားကတ်ပြား မရှိသေးသူများ၊ အလွတ်ပုံစံဖြင့်ကောက်ယူခဲ့သည့် အိမ်ထောင်စုများနှင့် အခြားဒေသမှ ရွှေ့ပြောင်း ရောက်ရှိနေထိုင်သူများအတွက် အမှန်တကယ် အိမ်ထောင်စုစာရင်းရှိ/မရှိ စိစစ်၍ မြို့နယ်အဆင့် ဖွဲ့စည်းထားသည့် (၅) ဦးကော်မတီဖြင့် အသေးစိတ်စိစစ်အတည်ပြုကာ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေး ခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အချက်အလက်ကွဲလွဲနေသူများ အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ထားသူများ၊ အသက် (၁၆) နှစ်နှင့် (၁၈) နှစ်ကြား၊ အသက်(၁၈) နှစ်နှင့်အထက် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင် ထားခြင်းမရှိသူများကိုလည်း စနစ်တကျစိစစ်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သို့မှသာ ရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ကြ မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်ပြား ရရှိပြီးသူများ၊ အသစ်လျှောက်ထားရရှိသူများကိုလည်း e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Database အတွင်း သိမ်းဆည်း၍ ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ပေး လျက်ရှိရာ ပြည်သူများ လာရောက်ဆောင်ရွက်နိုင်ရေး နှိုးဆော်တိုက်တွန်းပေးကြရန်လည်း အသိပေးပြောကြားလိုပါကြောင်း၊ ထို့ပြင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်းက စမ်းသပ် သန်းခေါင်စာရင်းကောက်ယူခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၌ ကောက်ကွက် (၁၀) ကွက်၊ မှော်ဘီ မြို့နယ်၌ ကောက်ကွက် (၅) ကွက် စုစုပေါင်း ကောက်ကွက် (၁၅) ကွက်ကို အောင်မြင်စွာကောက်ယူနိုင်ခဲ့ပါကြောင်း၊ ယင်းဆောင်ရွက်မှုအပေါ် ပြန်လည် သုံးသပ်၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ အတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်ရေးအတွက် ကော်မတီ အဆင့်ဆင့်က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ်များသည် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော်လည်း သက်ဆိုင်ရာအာဏာပိုင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် မှသာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်မြင်မည်ဖြစ်ပြီး နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးပြီး မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကိုလည်း ပွင့်ပွင့်လင်းလင်းတင်ပြ ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။IMG_0963 IMG_0975

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေပြင် ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်မှုနှင့် ကောက်ယူရရှိသည့်အချက်အလက်များအား e-ID Server အတွင်း စိစစ်ဖြည့်သွင်းဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်ဆောင်ရွက်ပြီးစီးမှုနှင့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းမှုနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

          ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းများအောင်မြင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊  တွေ့ကြုံရသည့်အခက်အခဲများနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

IMG_0988

          အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှဝန်ထမ်းများအား အဆိုပါခန်းမ၌ပင်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်လုပ်ငန်းများ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူပြီးစီးသည့် စာရင်းအချက်အလက်များအား e-ID Server အတွင်း တိုက်ဆိုင် ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းလုပ်ငန်းများ၊ e-ID စနစ်အကောင်အထည်ဖော်ရေးအတွက် လူတစ်ဦး ချင်းစီ၏ Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်းအပြင် ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းများအဆင်ပြေစွာဆောင်ရွက်နိုင်ရန် အသိတူမှအလုပ်တူမည်ဖြစ်သည့်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဝန်ထမ်းအားလုံး သိရှိနားလည် ထားရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်ပြီး အထက်အောက်အပြန်အလှန် လေးစားယုံကြည်၍ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်း‌ဆောင်ကြရန်နှင့် လုံခြုံရေးကိစ္စရပ် များကိုလည်း အလေးဂရုပြုဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို ရင်းနှီးချစ်ကြည်စွာ လက်ရည်တစ်ပြင် တည်းအတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.