ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့တက်ရောက်၊ နိုင်ငံနှင့်ပြည်သူအတွက် ဌာန၏လက်ငင်းဆောင်ရွက်နေသည့်လုပ်ငန်းများ မဖြစ်မနေ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့တက်ရောက်၊

နိုင်ငံနှင့်ပြည်သူအတွက် ဌာန၏လက်ငင်းဆောင်ရွက်နေသည့်လုပ်ငန်းများ မဖြစ်မနေ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြား

 နေပြည်တော်၊ ဒီဇင်ဘာ ၃၀ ။

         လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၃၀ ရက်၊ ယနေ့နံနက်(၉)နာရီခွဲကအဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

IMG_8954 IMG_8981

           အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် လက်ရှိနိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် အရေးကြီးဆုံးဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆောင်ရွက်ရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဌာနကကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ယင်းလုပ်ငန်းစဉ် များမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်း၊ ပန်းခင်းစီမံချက်လုပ်ငန်းများ၊ e-ID စနစ်လုပ်ငန်းနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မဲစာရင်းတိကျမှန်ကန်ရေးအတွက် နိုင်ငံအတွင်းရှိလူဦးရေစာရင်းမှန်ကန်စေရန် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီက ဦးဆောင်၍ မိမိတို့ဝန်ကြီးဌာနအပါအဝင် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများပူးပေါင်းကာ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူ ရေးလုပ်ငန်းကို ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များဖွဲ့စည်းပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း က ကောက်ယူခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်အထိ e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် အိမ်ထောင်စု (၁၂) သန်းကျော်၊ အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု (၂ ဒဿမ ၈) သန်းကျော်၊ စုစုပေါင်းအိမ်ထောင်စု (၁၅) သန်းခန့် ကောက်ယူပြီးစီး ခဲ့ပါကြောင်း၊ နယ်မြေဒေသလုံခြုံရေး အခြေအနေအရ အချို့ဒေသအနည်းငယ်သာ ကောက်ယူရန် ကျန်ရှိပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းမှရရှိသည့် အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်များကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ကော်မတီ အဆင့်ဆင့်က စိစစ်အတည်ပြုကြပြီး ဗဟိုကော်မတီသို့ သတ်မှတ်ကာလအတွင်း ပြုစုတင်ပြကြရ မည်ဖြစ်ပြီး ဗဟိုကော်မတီမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြ၍ အတည်ပြု စာရင်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လွှဲပြောင်းပေးပို့ကြရမည်ဖြစ်ရာ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် စာရင်းဇယားမှန်ကန်စွာ ပြုစုနိုင်ရန်အရေးကြီးပြီး တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယင်းစာရင်းများအရ ကိုင်ဆောင် ကတ်ပြားမရှိသေးသည့် မဲပေးပိုင်ခွင့်ရှိသူများကိုလည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ် ထုတ်ပေးရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်အဆင့်(၁)ဖြင့် လူဦးရေ (၃ ဒဿမ ၄) သန်းကျော်၊ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် လူဦးရေ (၁ ဒဿမ ၄)သန်းကျော် ကို ထုတ်ပေးဆောင်ရွက်ပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပေးရန် အနည်းငယ် ကျန်ရှိနေသေးပါကြောင်း၊ ယခုအခါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာ၌ တွေ့ရှိချက်များအရ ရွှေ့ပြောင်းနေထိုင်သူများတွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်ပြားများ မရရှိသေးသူများရှိနေ သည့်အတွက် ၎င်းတို့အား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးနိုင်ရေးနှင့်လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်မှ စက်တင်ဘာလ(၃၀)ရက်အတွင်း အသက် (၁၈)နှစ် ပြည့်လာ မည့်သူများအား နိုင်ငံသားကတ်ထုတ်ပေးနိုင်ရေးတို့အတွက် ပန်းခင်းစီမံချက် အဆင့် (၃) ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်မှ စက်တင်ဘာလ (၃၀) ရက်အထိ (၉) လတာ ကာလအတွင်း လူဦးရေ (၂ ဒဿမ ၁) သန်းကျော်ကို နိုင်ငံသားကတ်ပြားထုတ်ပေးရန် လျာထားဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူများအနက် အိမ်ထောင်စုစာရင်းမရှိသူများအား နိုင်ငံတော်အစိုးရမှ မြို့နယ် အဆင့်ဖွဲ့စည်းပေးထားသည့် (၅) ဦး ကော်မတီ၏ထောက်ခံမှုဖြင့် အိမ်ထောင်စုစာရင်းကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စိစစ်ထုတ်ပေးပြီး နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လုပ်နည်းလုပ်ဟန်လွဲမှားမှုများမရှိစေရေးအတွက် ညွှန်ကြားချက်များအတိုင်း တိတိကျကျဆောင်ရွက် ပေးကြရန်အရေးကြီးပါကြောင်း၊ ထို့ပြင် မိမိတို့ဌာနမှဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကိုလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ အတွင်း ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေး အတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက အောင်မြင်စွာကောက်ယူခဲ့ပြီးဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်း၏ အားနည်းချက်၊ အားသာချက်များအပေါ် ပြန်လည်သုံးသပ်ကာ အောင်မြင်စွာ ကောက်ယူဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်မှာ ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့အစိုးရ ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သော်လည်း ယခင်သန်းခေါင်စာရင်းများကဲ့သို့ အရည်အသွေးကောင်းမွန်သော အချက်အလက်များရရှိရေးအတွက် စိန်ခေါ်မှုအမျိုးမျိုးကြားက အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါ e-ID စနစ်ဖြင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို နိုင်ငံသားကတ်ပြားရှိပြီးသူများအပြင် လက်ရှိပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားအသစ်ပြုလုပ်သူ၊ ပျောက်ဆုံး/ပျက်စီး၍ ပြန်လျှောက်သူ များကိုပါ တစ်ပါတည်းကောက်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဌာနမှ ယခုတစ်ပြိုင်တည်း ဆောင်ရွက်နေသည့်လုပ်ငန်းများသည် နိုင်ငံနှင့်ပြည်သူအတွက် ဌာန၏ လက်ငင်းဆောင်ရွက်နေ သည့်လုပ်ငန်းများဖြစ်ပြီး တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ ဆောင်ရွက်ရသည့်အတွက် သတ်မှတ်ချက် များအတိုင်း အချိန်မီပြီးစီးအောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနအဖွဲ့အစည်း များနှင့် ညှိနှိုင်းပူးပေါင်းကာ မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ထို့ပြင် စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့်ဌာန၏ သမားရိုးကျလုပ်ငန်းများကိုလည်းအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့ဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် ယဉ်ကျေးပျူငှာစွာ ချိုသာသောဆက်ဆံ ပြောဆိုမှုများဖြင့် ဝန်ဆောင်မှုပေးရန်လိုကြောင်း၊ ယခုအစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက် များကို ပွင့်ပွင့်လင်းလင်းတင်ပြကြရန်နှင့် လိုအပ်ချက်များကို အချိန်မီညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

IMG_8982 IMG_8991

          ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ ပန်းခင်းစီမံချက်နှင့် e-ID စနစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက အုပ်ချုပ်မှု ဆိုင်ရာ အားနည်းချက် အားသာချက်များ၊ ဦးစီးဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုအပေါ် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြ ဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။

          ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယခုလုပ်ငန်းစဉ်များသည် နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးသည့်လုပ်ငန်းစဉ်များဖြစ်ပြီး မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်ကြရမည့်လုပ်ငန်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုတ်သိမ်းလိုက်ကြောင်းသတင်း ရရှိသည်။ (-)

 

Sorry, the comment form is closed at this time.