ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုံမြို့နယ်ဦးစီးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်မှုကြည့်ရှု၊ ၂၀၂၄ ခုနှစ်၊လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး
လုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲသို့တက်ရောက်၍နိုင်ငံတော်အတွက် အမျိုးသားရေးတာဝန်အဖြစ် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန်တိုက်တွန်းပြောကြား
နေပြည်တော်၊ မေလ ၃။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ မေလ(၃) ရက်၊ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အလုံမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးနေမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ ပြောင်းထွက်အတွက် လျှောက်ထားသူများ၊ နိုင်ငံသားကတ်ပြားမရှိသေးသူများ၊ လဲလှယ်နှင့်ပျောက်ဆုံး၊ ပျက်စီးလျှောက်ထားသူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် နိုင်ငံသားကတ်ပြား ရရှိပြီးသူများအား e-ID စနစ်အတွက် Biographic/Biometric တစ်ပါတည်းကောက်ယူကာ Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးခန်းများအခြေအနေနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက် များနှင့်ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲ ၂ နာရီတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့တက်ရောက်သည်။
အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက် ယူခြင်းလုပ်ငန်းကို (၁၀) နှစ်လျှင် တစ်ကြိမ်ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် (၁၀) နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို စီမံဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလများတွင် မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု၊ အကြမ်းဖက်အဖွဲ့အစည်းများကြောင့် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့မှုနှင့် ပြည်တွင်း၊ ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှုများကြောင့် လူဦးရေ ဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များ မလွဲမသွေ ဖြစ်ပေါ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာသုတေသနပြုပြီး လိုအပ်သည့် မူဝါဒ၊ စီမံကိန်းများ ချမှတ်ရန်အတွက် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင် ရွက်ရခြင်းဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ(၅၆)သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု အရေအတွက် (၁၃) သန်းခန့်ကို အခြေခံတွက်ချက်ထားပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် မြေပြင်ကွင်းဆင်း ရေးဆွဲမှုအရ သန်းခေါင်စာရင်းယူနစ် (Census Unit) (၈၀၀၀၀) ခန့် ရှိပြီး စာရင်းကောက် ကွက်ပေါင်း (၁၁၀၀၀၀)ခန့် ရှိမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၄၂၀၀၀) ခန့်ဖြင့် ကောက်ယူ ဆောင်ရွက်ရန် လျာထားပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ခန့်မှန်းလူဦးရေ (၉)သန်း ကျော်၊ ခန့်မှန်းအိမ်ထောင်စု (၂) သန်းကျော်ရှိပြီး သန်းခေါင်စာရင်း ယူနစ် (၄၀၀၀)ကျော်၊ ခန့်မှန်းကောက်ကွက်ပေါင်း (၁၈၀၀၀) ကျော်အား စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၆၉၀၀) ကျော်ဖြင့် ဆောင်ရွက်ရန်လျာထားပါကြောင်း၊ စာရင်းကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet များ အသုံးပြု၍ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (Computer Assisted Personal Interviews-CAPI) စနစ်ဖြင့်ကောက်ယူ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စာရင်းကောက်ယူခြင်းကို(၁-၁၀-၂၀၂၄)ရက်နေ့မှ(၁၅-၁၀-၂၀၂၄) ရက်နေ့အထိ (၁၅) ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအခြေအနေမှလွဲ၍ အကြောင်း အမျိုးမျိုး ကြောင့် ကောက်ယူရန်ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန်လည်းလိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းရည်ညွှန်းချိန်မှာ (၃၀-၉-၂၀၂၄) ရက်နေ့၊ ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း (၁၈) ခုကို မေးမြန်းကောက်ယူမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် Tablet များအသုံးပြု၍ CAPI စနစ်ဖြင့် ကောက်ယူသည့် အတွက် မေးမြန်းကောက်ယူထားသည့် အချက်အလက်များအား အချိန်တို အတွင်း နေပြည်တော် ရုံးချုပ်ရှိ Server သို့ပေးပို့နိုင်ပြီး လူဦးရေဆိုင်ရာအချက်အလက်များကို အမြန်ဆုံး ထုတ်ပြန် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေ စာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်း ကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်းလုပ်ငန်းဟူ၍ လုပ်ငန်းစဉ်(၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခုကာလသည် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် ကာလဖြစ်ပါ ကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် စာရင်းစစ်၊ စာရင်းကောက် နည်းပြသင်တန်း နှင့် ဆင့်ပွားသင်တန်းအဆင့်ဆင့်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဗဟိုအဆင့်နည်းပြသင်တန်း၊ အထူးနည်းပြသင်တန်း၊ ခရိုင်နည်းပြသင်တန်း၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်းတို့ကို သင်တန်းစီမံချက်များပါအတိုင်း သတ်မှတ်နေရာအသီးသီး၌ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်နှင့်အညီ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ အားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်းကောက်ယူခြင်း မှရရှိနိုင်မည့် အချက်အလက်များ၊ လူဦးရေပြောင်းလဲမှုဖြစ်စဉ်၏ အရေးပါမှု၊ သန်းခေါင်စာရင်း အချက်အလက်များမှ ဖော်ထုတ်ချက်အကျဉ်းချုပ်တို့ကို ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင် စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့် ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသသည်။
ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးညီညီမင်းက လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့သည် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အသုံးပြုမည့် ပစ္စည်းများခင်းကျင်းပြသလာမှုအား ကြည့်ရှုအားပေးပြီးနောက် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.