ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်း နေထိုင်သူများအား
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးမှုနှင့် Biometric ကောက်ယူမှု လှည့်လည်ကြည့်ရှုအားပေး
နေပြည်တော်၊ မေ ၄။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၄ ရက်၊ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ကနောင် ခန်းမ၌ အဆိုပါမြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး နေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား သက်ဆိုင်ရာမြို့နယ် (၅)ဦး ကော်မတီအဖွဲ့ဝင်များက စိစစ်မေးမြန်းအတည်ပြုဆောင်ရွက်နေမှု၊ (၅)ဦးကော်မတီ၏ထောက်ခံချက် အရ မြို့နယ်ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များအား သတ်မှတ် ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှု အားပေးရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံ ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အချက်အလက်များ မှန်ကန်စေရေးအတွက် ကာယကံရှင်ပြည်သူများအား သေချာစွာမေးမြန်းဖြည့်သွင်းရေး၊ နိုင်ငံသားကတ်ထုတ်ပေးနိုင်ရေး အတွက် ၎င်းတို့၏အချက်အလက်များအား e-ID Server ရှိ အချက်အလက်များနှင့် စနစ်တကျ တိုက်ဆိုင်စိစစ်ဆောင်ရွက်ရေးမှာကြားသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား ကတ်ပြား ထုတ်ပေးပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) တစ်ပါတည်းကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ် ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးကြပြီး လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်နှီးနှီးနှုတ်ဆက်ခဲ့ကြောင်းနှင့် အဆိုပါ ဆောင်ရွက်မှုတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ယာယီရွေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း အစောင် (၇၀)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၀) တို့အား စိစစ်ဆောင်ရွက်ထုတ်ပေး၍ နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biometric ကောက်ယူကာ ဂဏာန်း(၁၀) လုံးပါ Unique ID နံပါတ်များ တစ်ပါတည်း ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။(-)
Sorry, the comment form is closed at this time.