ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့်အဖွဲ့ အားလက်ခံတွေ့ဆုံ၊ လုပ်ငန်းများအဆင်ပြေစေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး
နေပြည်တော်၊ မေ ၁၅ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့်အဖွဲ့အား မေလ (၁၅) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူ များတက်ရောက်ကြပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် AA သောင်းကျန်းသူများ ၏ အကြမ်းဖက်ဖြစ်စဉ်တိုက်ပွဲများကြောင့် ယင်းဒေသ၌တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဝန်ထမ်းများအား စစ်တွေမြို့သို့ ယာယီရွှေ့ပြောင်းထားရှိမှုနှင့် Unique ID ကတ် စိစစ်ဆောင်ရွက်ပေးမှုအခြေအနေ၊ ၎င်းတို့အနက် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား (NV Card) ကိုင်ဆောင်ထားသည့် ကုလသမဂ္ဂဝန်ထမ်းအချို့အား ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေ၊ ခရီးသွားလာခွင့်နှင့် ယာယီနေထိုင်ခွင့်တောင်းခံထားသည့် ကုလသမဂ္ဂအဖွဲ့အစည်း များမှ ဝန်ထမ်းများနှင့် မိသားစုများအတွက် ခွင့်ပြုချက်ရရှိနိုင်ရေးဆောင်ရွက်ရမည့်နည်းလမ်း၊ ဝန်ကြီးဌာနအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းများအဆင်ပြေအောင် ညှိနှိုင်း ဆောင်ရွက်ပေးနေမှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ အနေဖြင့်လည်း ၎င်းတို့၏ဝန်ထမ်းများအား စနစ်တကျထိန်းသိမ်းကြပ်မတ်၍ပူးပေါင်းဆောင်ရွက် ပေးနိုင်ရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.