ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့တက်ရောက်၊ လုပ်ငန်းစဉ်အဆင့်အလိုက် အချိန်မီပြီးစီးအောင်မြင်ရေးအတွက် တက်ညီလက်ညီဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း။
နေပြည်တော်၊ ဇွန် ၇။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ဆိုင်ရာ တွေ့ဆုံပွဲကို ဇွန်လ (၇) ရက်၊ ယနေ့နံနက် ၁၀ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်စည်ပင်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး နောက်ပိုင်း သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ် နှင့် ၂၀၁၄ ခုနှစ်တို့တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ခဲ့ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းကြောင့် နိုင်ငံတော်အတွက် ခိုင်လုံသော အခြေခံစာရင်းအင်း ကိန်းဂဏန်းများရရှိပြီး စီမံကိန်းများ ရေးဆွဲရာတွင် အသုံးပြုနိုင်ရန် တိကျမှန်ကန်သည့် ခန့်မှန်းလူဦးရေများ တွက်ချက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် လူမှုရေး၊ စီးပွားရေးနှင့် အခြားနမူနာကောက်စစ်တမ်းများအတွက် အခြေခံ စာရင်းအင်းများရရှိကာ နိုင်ငံတော်၏ လူဦးရေမူဝါဒရေးဆွဲရေးတွင် အထောက်အကူပြုနိုင် သကဲ့သို့ သက်ဆိုင်ရာဒေသအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သော ကိန်းဂဏန်းများ တွက်ချက်နိုင်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း သည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ငွေကုန်ကြေးကျများသည့်အတွက် ကမ္ဘာ့နိုင်ငံ အများစုသည် (၁၀) နှစ်လျှင် တစ်ကြိမ်သာ ကောက်ယူလေ့ရှိကြပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်နောက်ပိုင်း (၁၀) နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလများတွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ၊ အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့မှုနှင့် ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာမှုများ ကြောင့် လူဦးရေဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်များ မလွဲမသွေဖြစ်ပေါ်နိုင်သည့်အတွက် တိကျမှန်ကန် သည့် လူဦးရေကိန်းဂဏန်းများရရှိရန် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့်ခန့်မှန်းလူဦးရေ(၅၆)သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု (၁၃)သန်းခန့်ကို အခြေခံတွက်ချက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စာရင်းကောက်ကွက် ပေါင်း (၁၁၀၀၀၀) ခန့် ရှိမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၄၂၀၀၀) ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားပါ ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း ခန့်မှန်းလူဦးရေ (၆) သန်း (၇) သိန်းကျော် ၊ ခန့်မှန်း အိမ်ထောင်စု (၁) သန်း (၅) သိန်းကျော်ရှိပြီး ကောက်ကွက်ပေါင်း (၁၃၀၀၀) ကျော်ကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၅၀၀၀) ကျော်ဖြင့် ကောက်ယူဆောင်ရွက်ရန်လျာထားပါကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်၊ ညသန်းခေါင်ယံ အချိန်ကို သတ်မှတ် ထားရှိပြီး စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ (၁၅) ရက်ကြာ ပြည်လုံးကျွတ်အဆင့်ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေး အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတို့အရ သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထား ကြရန်လည်း လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုမေးခွန်းပုံစံ အတွက် မေးခွန်း (၆၈) ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း (၁၈) ခုကို တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူ သည့် (Computer Assisted Personal Interviews-CAPI) စနစ်ဖြင့် ကောက်ယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြည်သူလူထုအသိပညာပေးလုပ်ငန်း များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ လာမည့် ဩဂုတ်လ မှစ၍ သန်းခေါင်စာရင်းဆိုင်ရာ နည်းပြသင်တန်းအပါအဝင် သင်တန်းအဆင့်ဆင့်ကို ဖွင့်လှစ်သွား မည်ဖြစ်သည့်အတွက် ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက် ထားကြရန်လိုကြောင်းနှင့် လုပ်ငန်းစဉ်အဆင့်အလိုက် ပြီးမြောက်အောင်မြင်ရေးအတွက် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လုပ်ငန်းစဉ်အဆင့်ဆင့် အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက လူဦးရေ၏ အခန်းကဏ္ဍနှင့် လူဦးရေပြောင်းလဲမှုဖြစ်စဉ်၏ အရေးပါမှု၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့၌ ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များမှ ဖော်ထုတ်ချက် အကျဉ်းချုပ်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကိုပြသသည်။
ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဝေဇင်ထွန်းက လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ သည် ခင်းကျင်းပြသထားသည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို ကြည့်ရှုအားပေး၍ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.