ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊
လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းကူညီဆောင်ရွက်ပေး နိုင်ရေးဆွေးနွေး
နေပြည်တော်၊ ဇူလိုင် ၁၆ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့်အဖွဲ့အား ဇူလိုင်လ (၁၆) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဝန်ကြီးဌာန၏ သန်းခေါင်စာရင်းနှင့် လူဦးရေဆိုင်ရာစာရင်းဇယား၊ မှတ်တမ်းများမှန်ကန်စေရေးအတွက် ဆောင်ရွက်သည့်လုပ်ငန်းများတွင် UNFPA အနေဖြင့် နှစ်ကာလရှည်ကြာစွာ အစဉ်တစိုက်ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအခြေအနေ၊ ထို့ပြင်၂၀၁၄ ခုနှစ်က ဆောင်ရွက်ခဲ့သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်များတွင် ဝန်ကြီး ဌာနနှင့် UNFPA တို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေ၊ မြန်မာနိုင်ငံသို့ လာရောက် သည့် UNFPA မှ နိုင်ငံခြားသားဝန်ထမ်းများအား ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာ ခွင့်ပြုဆောင်ရွက် ပေးမှုအခြေအနေ၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့်ရရှိသော လူဦးရေကိန်းဂဏန်းအချက် အလက်များအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဆက်လက်အသုံးပြု ဆောင်ရွက်မည့်အခြေအနေ၊ ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည့် လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများတွင် UNFPA အနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.