ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့်နည်းပြ သင်တန်းဖွင့်ပွဲတက်ရောက်၊ သင်တန်းမှပို့ချက်များအပြင် ယခင်အတွေ့အကြုံများနှင့်ပေါင်းစပ်ကာ လက်အောက်သို့ ရှင်းလင်းဆွေးနွေးသင်ကြားပေးကြရေး တိုက်တွန်းမှာကြား

 

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့်နည်းပြ သင်တန်းဖွင့်ပွဲတက်ရောက်၊

သင်တန်းမှပို့ချက်များအပြင် ယခင်အတွေ့အကြုံများနှင့်ပေါင်းစပ်ကာ လက်အောက်သို့ ရှင်းလင်းဆွေးနွေးသင်ကြားပေးကြရေး တိုက်တွန်းမှာကြား

 နေပြည်တော်၊ ဩဂုတ် ၁။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ဩဂုတ်လ (၁) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့် ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းသင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

IMG_9296

အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ(၁)ရက်မှ(၁၅)ရက်အထိ ပြည်လုံးကျွတ်အဆင့် ကောက်ယူတော့မည်ဖြစ်ရာ သန်းခေါင်စာရင်းကောက်ယူရန် ရက်အားဖြင့် (၆၁) ရက်သာ လိုတော့ပါ‌ ကြောင်း၊ သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လွန်ခဲ့သည့် (၃) နှစ် ကတည်းက စတင်၍ စီမံချက်ရေးဆွဲကာ အချိန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ သန်းခေါင်စာရင်းကွင်းဆင်း ကောက်ယူရန် စီမံဆောင်ရွက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်များတွင် စာရင်းစစ်၊ စာရင်းကောက်များခန့်ထားခြင်း၊ သန်းခေါင်စာရင်း သင်တန်းအဆင့်ဆင့် အချိန်ကိုက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ခြင်းတို့အပြင် ပြည်သူလူထုပူးပေါင်း ပါဝင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင် စာရင်း မေးခွန်းပါအကြောင်းအရာများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် မေးမြန်းကောက်ယူနိုင် မှသာလျှင် အရည်အသွေးကောင်းမွန်ပြီး အောင်မြင်သည့် သန်းခေါင်စာရင်းဖြစ်လာမည်ဖြစ်ပါ ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် စာရင်းစစ်၊ စာရင်းကောက် လေးသောင်းခန့် ခန့်အပ်တာဝန် ပေးအပ်ရမည်ဖြစ်ပြီး ၎င်းတို့အား လေ့ကျင့်သင်ကြားပေးနိုင်ရန် နည်းပြသင်တန်းများကို ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့် စသည်ဖြင့် အဆင့်ဆင့်ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ယခု သင်တန်းသားများသည် တိုင်းဒေသကြီး/ ပြည်နယ်များတွင် နည်းပြတာဝန်ထမ်းဆောင်ကြ ရမည်ဖြစ်သည့်အတွက် ယခုသင်တန်းမှ လေ့ကျင့်သင်ကြားပေးမှုအပေါ် သေသေချာချာလေ့လာ မှတ်သားပြီး နည်းပြအဖြစ်ပြန်လည်သင်ကြားပို့ချသည့်အခါ မခြွင်းမချန် ထိထိရောက်ရောက် ပြန်လည် အသုံးချ လေ့ကျင့်သင်ကြားပေးကြရန် လိုအပ်ပါကြောင်း၊ ယခု ဗဟိုအဆင့်နည်းပြသင်တန်းကို သင်တန်းကာလ (၁၀) ရက်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသည်နှင့်  တိုင်းဒေသကြီး/ ပြည်နယ်အဆင့် နည်းပြသင်တန်း၊ ခရိုင်အဆင့်နည်းပြသင်တန်းနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို သတ်မှတ်အချိန်အတိုင်း အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင် မြို့နယ်သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်က ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စာရင်းစစ်၊ စာရင်းကောက်များ အနေဖြင့် ပညာရေးဝန်ထမ်းများက အဓိကပါဝင်မည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ (Volunteers) များ လည်း ပါဝင်မည်ဖြစ်ပါကြောင်း၊ နည်းပြအဖြစ်ဆောင်ရွက်ကြမည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချချက်များအပြင် မြေပြင်လက်ရှိအခြေအနေအရ သင်ခန်းစာများနှင့်မကိုက်ညီသည့် ဖြစ်စဉ်များ၊ မမျှော်မှန်းနိုင်သည့်ဖြစ်ရပ်များကို ကြိုတင်မျှော်တွေး၍ မိမိတို့၏ ယခင်အတွေ့အကြုံ များနှင့်ပေါင်းစပ်ကာ လက်အောက်သို့ ရှင်းလင်းချပြ ဆွေးနွေးသင်ကြားပေးကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ် ရန်အတွက် အရေးကြီးသည့် လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသောစီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် နိုင်ငံတော်အတွက်အရေးကြီးသည့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်ခံယူကာ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ယခုသန်းခေါင်စာရင်းမှရရှိသည့် အချက်အလက်များသည် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း မှန်ကန်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေ ဖြင့်မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ကာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

IMG_9263 IMG_9284

ထို့နောက် သင်တန်းသားများက နယ်မြေဒေသအခြေအနေများကို တစ်ဦးချင်းရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယခုဖွင့်လှစ်သည့် သန်းခေါင်စာရင်းဆိုင်ရာ ဗဟိုအဆင့်နည်းပြသင်တန်းကို လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီးဌာနမှူးရုံးများနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များအပါအဝင် အရာထမ်း (၅၅) ဦးဖြင့် သင်တန်းကာလ (၁၀) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုနည်းပြသင်တန်းပြီးဆုံးပါက တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့် နည်းပြသင်တန်းများနှင့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ စီမံချက်များအတိုင်း ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.