ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် ဝမ်ပုံ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှု စစ်ဆေးရေးဂိတ်နှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားများသို့ လှည့်လည် ကြည်ရှု့စစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြား၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် တာချီလိတ်ခရိုင်ဦးစီးမှူးရုံး ပြန်လည်ပြင်ဆင်နိုင်ရေး စစ်ဆေးမှာကြား။
နေပြည်တော်၊ နိုဝင်ဘာ ၈။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၇ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် မဲခေါင်မြစ်၏ မြန်မာဘက်ခြမ်းရှိ ဝမ်ပုံ ဆိပ်ကမ်း လှေဆိပ်နေရာနှင့် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှုစစ်ဆေးရေးဂိတ်သို့ သွားရောက် ရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝမ်ပုံဆိပ်ကမ်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နယ်စပ် ဖြတ်သန်း ခွင့်စာအုပ် (Border Pass) ဆောင်ရွက်သည့်နေရာနှင့် ဝမ်ပုံလှေဆိပ်နေရာတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လက်ရှိအခြေအနေနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှု စစ်ဆေးရေးဂိတ် သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မဲခေါင်မြစ်အတွင်း နိုင်ငံခြား ရေယာဉ်များ ဆိုက်ကပ်လာပါက ဆောင်ရွက်သည့်လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လက်ရှိအခြေအနေတွင် ရေယာဉ် များဝင်ထွက်မှု၊ ရေကြောင်းအသုံးပြုခ ကောက်ခံဆောင်ရွက်မှုများကို လိုက်လံ ရှင်းလင်းတင်ပြကြ ပြီး ပြည်ထောင်စုဝန်ကြီးက မဲခေါင်မြစ်ကမ်း ကမ်းစပ်တစ်လျှောက် ရေယဉ်များ ဆိုက်ကပ်ရန်နှင့် ကုန်တင်ကုန်ချဆောင်ရွက်သည့် နေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (ဝမ်ပုံ) သို့ သွားရောက်၍ တပ်ဖွဲ့ခွဲဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ရဲတပ်ဖွဲ့ရေယာဉ်ပေါ်သို့ တက်ရောက် ကြည့်ရှုရာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပူးပေါင်းညှိနှိုင်း၍ မဲခေါင်မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်နေမှု အခြေအနေများကို တပ်ဖွဲ့ခွဲမှူးက လိုက်လံရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ) အစည်းအဝေးခန်းမ၌ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် လုပ်ငန်းများဆောင်ရွက်နေသည့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများအား တွေ့ဆုံကာ မြန်မာ-လာအို နှစ်နိုင်ငံ နယ်စပ်ဒေသစီမံခန့်ခွဲမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်နှင့်အညီ နှစ်နိုင်ငံ ကူးသန်းသွားလာမှုနှင့် ကုန်သွယ်မှု တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ကြိုတင်စီစဉ်ဆောင်ရွက်ထားနိုင်ရေး အခြေအနေ၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် နိုင်ငံတကာ ကုန်သွယ်မှုရေယာဉ်များ စနစ်တကျဝင်ထွက်၍ ထုတ်ကုန်/သွင်းကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ပြင်ဆင်မှု များ ဆောင်ရွက်ထားနိုင်ရေး အခြေအနေ၊ မြစ်ကြောင်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံမှုရှိစေရေးတို့အတွက် အလေးဂရုပြု ဆောင်ရွက်ထားရန်လိုအပ်မှု၊ လန်ချန်း – မဲခေါင် ကုန်သွယ်မှု မူဘောင်အရ ဆောင်ရွက်နေသော်လည်း လက်ငင်း ဆောင်ရွက်ရန် လိုအပ်ပါက အချိန်မီဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး အခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် အမှတ်(၂) ချစ်ကြည် ရေးတံတား၌ ကုန်တင်ယာဉ်နှင့် လူစီးယာဉ်များ ဝင်ထွက်သွားလာနေမှုအပေါ် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ အမှတ်(၁) ချစ်ကြည်ရေးတံတား၌ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(BP)နှင့် ယာယီနယ်စပ်ဖြတ် သန်းခွင့်လက်မှတ် (TBP)တို့ဖြင့် ဖြတ်သန်းခွင့်ပြုဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ (TBP) လာရောက်ဆောင်ရွက်သည့် ပြည်သူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးနေမှု အခြေအနေများကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားပြီး ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများ မေးမြန်း၍ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးရှိ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးသို့ သွားရောက်၍ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကြောင့် ခရိုင်ရုံး အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ၊ ရေကြီးနစ်မြုပ်ရာမှ ရုံးအဆောက်အဦ အတွင်း/အပြင် နုံးများတင်ကျန်နေမှု၊ ရေကြီးနစ်မြုပ်စဉ် အဆောက်အဦအတွင်းရှိ ရုံးစာရွက်စာတမ်းများနှင့် ရုံးအသုံးအဆောင်များအား ယာယီရွှေ့ပြောင်း ထားရှိမှု၊ ရုံးအဆောက်အဦ များ ပြန်လည်သန့်ရှင်းသပ်ရပ်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ခရိုင်ရုံးအနေဖြင့် မယ်ဆိုင် ချောင်းရေကြီး ရေလျှံမှုကြောင့် နှစ်စဉ်ရေနစ်မြုပ်မှုနှင့် ယခုနှစ်တွင် အဆိုးဝါးဆုံးခံစားရမှုအခြေအနေ၊ အဆောက်အဦများ ပြန်လည် ပြုပြင်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ရုံး အဆာက်အဦ ပြန်လည်ပြင်ဆင်ဆောက်လုပ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ တာချီလိတ်၊ မိုင်းတုံနှင့် မိုင်းဆတ်ခရိုင်ရှိ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေး ဌာနခွဲမှဝန်ထမ်းများအားတွေ့ဆုံကာ ဌာန၏လုပ်ငန်း တာဝန်များအပေါ် ကျေပွန်စွာထမ်းဆောင် နိုင်ရေး၊ နယ်စပ်ဒေသ၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများဖြစ်သည်နှင့်အညီ စည်းကမ်း စနစ်တကျရှိကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရေး၊ နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာမှုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်သူကို ထိရောက်သောဝန်ဆောင်မှုများပေး၍ ကြည်သာရွှင်ပြစွာ ဆက်ဆံ ဆောင်ရွက်ပေးရေး၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိသကဲ့သို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အပြန်အလှန် ရိုင်းပင်းကူညီဆောင်ရွက်ကြရေး အကျယ်တဝင့် ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
နိုဝင်ဘာလ ၈ ရက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက် ၍ ရုံးအဆောက်အဦ အခြေအနေ၊ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း၊ ပြောင်းဝင်/ ပြောင်းထွက် ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးဆောင်ရွက်မှု၊ မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းအချက်အလက်များအား ရုံးချုပ် Sever ရှိ အချက် အလက်များနှင့် တိုက်ဆိုင်စိစစ်ပြင်ဆင်အတည်ပြုဆောင်ရွက်နေမှု၊ e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးနေမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုနှင့် ဝန်ထမ်းအိမ်ရာအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာရင်းဇယားအချက်အလက်များ မှန်ကန်ရေးနှင့် ပြည်သူကို ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် လုံခြုံရေးသတိ အမြဲရှိရန် မှာကြားကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။(-)
Sorry, the comment form is closed at this time.