ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ ရွှေလီ (ကြယ်ဂေါင်) နှင့် မူဆယ် (နန်းတော်) ဂိတ်များ၌ လုံခြုံရေးအရစိစစ်၍ နှစ်နိုင်ငံနယ်စပ် ပြည်သူများ ဖြတ်သန်းသွားလာမှုအဆင်ပြေစေရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး၊ မူဆယ် ခရိုင်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်သည်များမှာကြား။
နေပြည်တော်၊ နိုဝင်ဘာ ၂1။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် နိုဝင်ဘာလ (၂0) ရက်၊ နံနက်ပိုင်းတွင် ယူနန်ပြည်နယ်၊ မန်စီမြို့မှ မြန်မာနိုင်ငံနယ်စပ် ရွှေလီမြို့သို့သွားရောက်၍ ရွှေလီမြို့၊ ကြယ်ဂေါင်လူဝင်မှုစစ်ဆေးရေးဂိတ်သို့ရောက်ရှိရာ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေး ဌာနမှူး Mr.Jiang Bing က တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ရွှေလီ (ကြယ်ဂေါင်) နှင့် မူဆယ် (ရွှေနန်း တော်) ဂိတ်အပါအဝင် နယ်စပ် ပြည်ဝင်/ပြည်ထွက် စစ်ဆေးရေးဂိတ်များမှ လုံခြုံရေးအရစိစစ်၍ နှစ်နိုင်ငံပြည်သူများနှင့် ကုန်စည်များ အပြန်အလှန် ဝင်ထွက်သွားလာနေမှု၊ ကိုးကန့်ဒေသ၌ လက်နက်ကိုင် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်ပိုင်း EAO များထိန်းသိမ်းထားသည့် နယ်စပ်ဒေသများရှိ နယ်စပ်စစ်ဆေးရေးဂိတ်များအား လက်ရှိအခြေအနေတွင် ဝင်/ထွက်မှုများ ရပ်ဆိုင်းကာ ပိတ်သိမ်းထားရှိမှု၊ နှစ်နိုင်ငံအစိုးရအချင်းချင်း အသိအမှတ်ပြုသည့် နယ်စပ်ဂိတ် များ၌ ဝင်/ထွက်မှုများ ခွင့်ပြုရာတွင် စနစ်တကျစစ်ဆေးကြပ်မတ် ခွင့်ပြုဆောင်ရွက်ပေးမှု၊ အစိုးရအချင်းအချင်း အပြန်အလှန် ပူးပေါင်းညှိနှိုင်းပြီးမှသာ ပိတ်သိမ်းထားသည့် နယ်စပ် ဂိတ်များအား လိုအပ်သလို ခွင့်ပြုဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အမျိုးသားလူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်နယ်စပ်ဒေသ ထိန်းသိမ်းရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Tao က တရုတ်နိုင်ငံအစိုးရအနေဖြင့် လက်ရှိ မြန်မာနိုင်ငံအစိုးရအပေါ် ထောက်ခံအားပေးကူညီ ဆောင်ရွက်မှု၊ EAO များ၏ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နှစ်နိုင်ငံပြည်သူများ ကုန်စည် ကူးသန်းရောင်းဝယ်မှုအပါအဝင် အဖက်ဖက်၌ ထိခိုက်နစ်နာဆုံးရှုံးမှု၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် ဆောင်ရွက်မှုများအပေါ် အားပေးထောက်ခံ၍ တည်ငြိမ် အေးချမ်းရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု၊ နှစ်နိုင်ငံနယ်စပ်ရှိ EAO များ ထိန်းချုပ် နယ်မြေများမှ နယ်စပ်ဝင်/ထွက်ဂိတ်များအား ပိတ်သိမ်းထားရှိမှုနှင့် တည်ငြိမ်အေးချမ်းပါက နှစ်နိုင်ငံပြည်သူများအတွက် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုအပ်မှု အခြေအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးက လက်ရှိမြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော် အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်သိမ်းဆောင်ရွက်ခဲ့ရမှုနှင့် အကြမ်းဖက် သောင်းကြမ်းသူများ၏ လက်ရှိတိုက်ခိုက်မှုဖြစ်စဉ်များအခြေအနေ၊ မြန်မာနှင့်တရုတ် နှစ်နိုင်ငံ အနေဖြင့် နှစ်ပေါင်းရှည်ကြာစွာတည်ရှိခဲ့သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအရ ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့မှု၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် EAO များ ထိန်းချုပ်နယ်မြေရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များအား တရုတ်နိုင်ငံဘက်မှ ဝင်/ထွက်မှု ပိတ်သိမ်း ထားရှိမှုအပေါ် မြန်မာနိုင်ငံအစိုးရမှ ကျေးဇူးတင်ရှိမှုအခြေအနေ၊ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်မှုနှင့် လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအခြေအနေအရ ကောက်ယူရန် ကျန်ရှိသည့် ဒေသအချို့ အား ဆက်လက်ကောက်ယူဆောင်ရွက်နေမှု အခြေအနေ၊ ငြိမ်းချမ်းရေအတွက် တံခါးဖွင့်ထားရှိ သကဲ့သို့ ၂၀၂၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေ၊ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၊ ပိုးလမ်းမ စီမံကိန်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းများ အောင်မြင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ် နိုင်ငံနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းပြီး နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ကာ အပြန်အလှန် ကုန်စည်ကူးသန်း ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လူဝင်မှုကြီးကြပ်ရေးနှင့်နယ်စပ်ဒေသ ထိန်းသိမ်းရေး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Tao နှင့် ရွှေလီလူဝင်မှု စစ်ဆေးရေးဌာနမှူး Mr.Jiang Bing တို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံဘက်ရှိ မူဆယ်မြို့၊ ရွှေနန်းတော် လူဝင်မှုစစ်ဆေးရေးဂိတ်သို့ရောက်ရှိကြရာ နယ်မြေခံတပ်မမှူးနှင့် မူဆယ်ခရိုင်အတွင်း ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရွှေနန်းတော်ဂိတ် အစည်းအဝေးခန်းမ၌ မူဆယ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဟန်ဝင်းဇော်က မူဆယ်ဒေသတွင်း အခြေ အနေနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်တချို့ ပိတ်ထားမှုနှင့် နှစ်နိုင်ငံပြည်သူများ ရွှေနန်း တော်စစ်ဆေးရေးဂိတ်မှ အပြန်အလှန် ကူးလူးဆက်သွယ်သွားလာနိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှု၊ လက်ရှိအခြေအနေအရ ကုန်စည်စီးဆင်းမှုအား မူဆယ်ခရိုင်အတွက်သာ မန့်ဝိန်းဂိတ်ဘက်မှသာ ဆောင်ရွက်ခွင့် ပြုမှုနှင့် လုံခြုံရေးအခြေအနေအရ စနစ်တကျ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးကျော်ကျော်နိုင်က မူဆယ်ခရိုင်အတွင်းရှိ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများ နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ် (Border Pass-BP) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass-TBP) တို့ဖြင့် နေ့စဉ်ဝင်ထွက် သွားလာမှု၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံသားများအား နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဝင်ထွက်ခွင့်ပြုမှုအား ယာယီရပ်ဆိုင်းထားမှု၊ နှစ်နိုင်ငံ ပြည်သူများ ဝင်ထွက်သွားလာမှု အဆင်ပြေစေရေးအတွက် တရုတ်နိုင်ငံ ရွှေလီ လူဝင်မှုကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမှု အခြေအနေများကို လည်းကောင်း၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မူဆယ်ဒေသရှိ လူဝင်မှုစိစစ်ရေးဂိတ်များသည် မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အရေးပါသည့်ဂိတ်များဖြစ်ပါကြောင်း၊ ယခုအခါ နယ်စပ်ဒေသများ၌ အကြမ်းဖက်ဖြစ်စဉ်များ ကြောင့် အချို့နယ်စပ်ဂိတ်များအား တရုတ်-မြန်မာ နှစ်နိုင်ငံညှိနှိုင်းကာ ပိတ်ထားရပြီး တစ်ချို့အား ကန့်သတ်ချက်များဖြင့် ဖွင့်လှစ် ထားရှိပါကြောင်း၊ တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်များမှ တရားမဝင် ဝင်/ထွက်မှု မရှိစေရေးနှင့် လုံခြုံရေးကို အထူးအလေးဂရုပြုဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတွင်းသို့ ဝင်ခွင့်မပြုသူများ ဝင်ရောက်မလာစေရေးနှင့် နိုင်ငံပြင်ပသို့ထွက်ခွာခွင့် မရှိသူများ ထွက်ခွာခွင့်မပြုရေး စနစ်တကျ စိစစ်ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်သောင်းကြမ်းသူများထံ မလိုလားအပ်သည့် ကုန်ပစ္စည်းများ မရောက်ရှိစေရေးအတွက် နယ်စပ်ဂိတ်များပိတ်ထားသကဲ့သို့ နှစ်နိုင်ငံပြည်သူများအတွက် မဖြစ်မနေဖွင့်လှစ်သည့် နယ်စပ်ဂိတ်များတွင်လည်း စနစ်တကျ အသေးစိတ်စစ်ဆေး ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဘက်မှလည်း နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက်နေသကဲ့သို့ တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ အတူအကွ ပူးပေါင်း ဆောင်ရွက်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသ၌ တာဝန် ထမ်းဆောင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိရှိရှိဖြင့် အချင်းချင်း သတင်းမျှဝေဖလှယ်ကာ လုပ်ငန်းများ အောင်မြင်ရေးအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စာသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ပြည်သူများ ဝင်ထွက်သွားလာမှုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စိစစ်ဆောင်ရွက်နေ မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.