ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ အငြိမ်းစားဝန်ထမ်း များအား အာဟာရဖြည့်စွက်စာ ပေးအပ်၍ ကျန်းမာရေးစစ်ဆေးပေးမှု ကြည့်ရှုအားပေး၊ မုံရွာမြို့နယ် မှဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေး၍ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးမှု ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ အငြိမ်းစားဝန်ထမ်းများအား အာဟာရဖြည့်စွက်စာပေးအပ်၍

ကျန်းမာရေးစစ်ဆေးပေးမှု ကြည့်ရှုအားပေး၊ မုံရွာမြို့နယ်မှဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့်

နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး၍ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ထုတ်ပေးမှု ကြည့်ရှုအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၂၁ ရက် ယနေ့နံနက်ပိုင်းက မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လစဉ်ဆောင်ရွက်သည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူကြသည့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

IMG_2348

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာဖြင့် ဧည့်ခံကျွေးမွေးနေမှုကို ကြည့်ရှုအားပေး၍ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားကာ တာဝန်ရှိသူများနှင့်အတူ အငြိမ်းစားဝန်ထမ်း (၈၀၀)ကျော်အတွက် အာဟာရဖြည့်စွက်စာ ကြက်ဥများကို လက်ရောက်ပေးအပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက အငြိမ်းစားဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူတစ်ဦးထံ ပေးအပ်သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ချင်းတွင်းခန်းမအတွင်း၌ မုံရွာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးရောဂါများအပါအဝင်၊ အထွေထွေရောဂါဖြစ်ပွားမှုအခြေအနေများကိုကျန်းမာရေးစစ်ဆေးကာ ကုသဆောင်ရွက်ပေးနေမှုကိုလည်းကောင်း ခန်းမဆောင်အပြင်၌ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ အခြေခံစားသောက်ကုန်များ နှင့် ဟင်းသီးဟင်းရွက်များရောင်းချနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

             စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့တာဝန်များကို ဌာနဆိုင်ရာအသီးသီ၌ ဒေသအသီးသီးမှတာဝန်ထမ်းဆောင်ခဲ့ကြပြီး အငြိမ်းစားယူကြသည့် တိုင်းဒေသကြီးအတွင်းရှိအငြိမ်းစားဝန်ထမ်း စုစုပေါင်း (၁၅၀၀) ကျော်အား လစဉ် ပင်စင်စတင်ထုတ်ပေးသည့် လတစ်လ၏ (၂၁) ရက်နှင့် (၂၂) ရက်တို့တွင်  အာဟာရဖြည့်စွက်စာ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့အား သက်ဆိုင်ရာဌာနများမှ စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးလျက် ရှိကြောင်း သိရှိရသည်။

            ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မုံရွာမြို့ ပြည်သူ့အားကစားကွင်း၊ ဖူဆယ်အားကစားရုံသို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လုပ်ငန်းစဉ်အဆင့်အလိုက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

IMG_2411

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် နိုင်ငံသားကတ်ပြား ရရှိပြီးသူများအား e-IDစနစ်ဖြင့် Biographic/Biometric ကောက်ယူကာ  ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို One Stop Service ဖြင့် တစ်ပါတည်း ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

           အဆိုပါလုပ်ငန်းကွင်းဆင်းဆောင်ရွက်မှုကို ဖေဖော်ဝါရီလ (၁၈) ရက်မှစတင်ဆောင်ရွက်ပေးရာ ယနေ့အထိ  မုံရွာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူ (၃၃၀) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးပြီး Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ နိုင်ငံသားကတ်ပြား ရှိပြီးသူ (၅၀) ဦးကိုလည်း  Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.