ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေး ကောင်တာများ နေရာချထားမှုနှင့် iBMC ဆာဗာခန်းအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များမှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေး ကောင်တာများ နေရာချထားမှုနှင့် iBMC ဆာဗာခန်းအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များမှာကြား

နေပြည်တော်၊ မတ် ၈။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ မတ်လ(၈)ရက်၊ ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားရောက်၍ ပြည်ပထွက်ခွာမည့်ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ စိစစ်ဆောင်ရွက်ပေးသည့် လေဆိပ် Terminal 1 မြေညီထပ် CIP Lounge ရှိ လူဝင်မှုကြီးကြပ်ရေး ကောင်တာများအား လေဆိပ်ပထမထပ် (Level-2) သို့ ပြောင်းရွှေ့နေရာ ချထားနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ လေဆိပ် တာဝန်ခံက လိုက်လံရှင်းလင်းတင်ပြသည်။

IMG_2830

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးကောင်တာများ၌ စိစစ်ဆောင်ရွက်ရာတွင် လိုအပ်သည်ထက်ကြန့်ကြာမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် အခက်အခဲရှိပါက လျင်မြန်စွာဖြေရှင်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က မျက်ခြေမပြတ်ကြပ်မတ် ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

IMG_2839

        ပြည်ထောင်စုဝန်ကြီးသည် လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်းအခြေအနေနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ Control Roomအဖြင့် ပြုလုပ်ဆောင်ရွက်မည့်နေရာ အခြေအနေ တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ  iBMC စနစ်၏ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ ချိပ်ဆက်အသုံးပြုသည့် နည်းပညာ ဆိုင်ရာ ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ ခရီးသွား ပြည်သူများအပေါ် ထိရောက်လျှင်မြန်စွာ ဖြင့် ကြည်သာရွှင်ပြစွာ ဝန်ဆောင်မှုပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ အား မှာကြားကာ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။ (-)

Sorry, the comment form is closed at this time.