ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများ အတွက် ဖွင့်လှစ်သည့် ဌာနတွင်းဘာသာရပ်ဆိုင်ရာသင်တန်းဖွင့်ပွဲသို့တက်ရောက်၊ ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ ကျင့်ကြံနေထိုင်လုပ်ကိုင်၍ တော်တည့်မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင် ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြား
နေပြည်တော်၊မတ် ၂၀ ။
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ခန့်အပ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများနှင့် ဌာနကူးပြောင်းရောက် ရှိလာသည့် ဦးစီးအရာရှိ များအား ဌာန၏လုပ်ငန်းသဘောသဘာဝကို သိရှိနားလည်ပြီး လုပ်ငန်း များပိုမိုထိရောက်မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ဌာနတွင်းဘာသာရပ်ဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၀) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား အရာရှိများတက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ တွင် ဝန်ကြီးဌာနသို့ ယခုရောက်ရှိလာသည့် သင်တန်းသားအရာရှိများသည် ဌာနအတွက် လိုအပ် သည့် ရုံးဌာနအသီးသီး၌ သွေးသစ်လောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်၍ ဝမ်းမြောက် စွာကြိုဆိုပါကြောင်း၊ ယခုသင်တန်းတွင် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သည့် လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊ ပြည်သူ့အင်အား စာရင်းကောက်ယူထိန်းသိမ်းရေးလုပ်ငန်း၊ အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း လုပ်ငန်းတို့နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စီမံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပို့ချသွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို သိရှိနားလည်ထားမှသာ မိမိတို့တာဝန်ကျရာ ရုံးဌာနများတွင် ဌာနနှင့်ပတ်သက်သည့် လုပ်ငန်း များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပို့ချချက်များကို အလေးထား မှတ်သားဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းများသည် နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့် ဆက်စပ်သက်ဆိုင်သည့် လုပ်ငန်းများဖြစ်ပြီး လုပ်မှားကိုင်မှားမဖြစ်စေရေး အလေးအနက်ထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ သင်တန်းသားများအနေဖြင့် ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်း အခြေအနေများ၊ လက်ရှိကျင့်သုံးဆောင်ရွက်နေသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ ကိုသိရှိနားလည်ပြီး ပြည်သူကိုထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် သင်တန်းမှ ပို့ချချက်များကို အလေးဂရုပြုမှတ်သား ဆောင်ရွက်ကြရန်လိုကြောင်း၊ သင်တန်းသားများသည် ခေါင်းဆောင်ငယ်များဖြစ်သည်နှင့်အညီ ခေါင်းဆောင်မှုအင်္ဂါရပ်များအတိုင်း ကျင့်ကြံနေထိုင် လုပ်ကိုင်ကြရန်နှင့် မိမိကွပ်ကဲရသည့် ဝန်ထမ်းများအပေါ် တော်တည့်မှန်ကန်သည့် ခေါင်းဆောင်မှု ပေးကြရမည်ဖြစ်ပါကြောင်း၊ ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ တိုးတက်နေသည့် နည်းပညာများကိုလည်း လေ့လာမှတ်သား၍ ဌာန၏လုပ်ငန်းများအပေါ် အကျိုးဖြစ်ထွန်းစေရေး အသုံးပြုဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါကြောင်း၊ ယခုသင်တန်းမှ ပို့ချချက်များနှင့် ပတ်သက်၍ မရှင်းလင်းသည့်အချက်များ၊ သိရှိလိုသည်များရှိပါကလည်း ဘာသာရပ်ဆိုင်ရာ နည်းပြများအား ပွင့်ပွင့်လင်းလင်းမေးမြန်း ဆွေးနွေးကြရန်လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်တင်ပြကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသားဦးစီးအရာရှိ (၂၆) ဦး တက်ရောက်၍ သင်တန်းကာလမှာ ရက်သတ္တ (၂) ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.