ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အင်အားပြင်းငလျင်ဒဏ်ခံခဲ့ရသည့် ဝန်ကြီးဌာနမှ ဝန်ထမ်း အိမ်ရာများအားလှည့်လည်ကြည့်ရှု၍ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဗူးများအား ထောက်ပံ့ပေးအပ်
နေပြည်တော်၊မတ် ၃၁ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၃၀ ရက် ယမန်နေ့မွန်းလွဲပိုင်းက မတ်လ ၂၈ရက် မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် နေပြည်တော်ရှိ ဝန်ကြီးဌာနဝန်ထမ်းအိမ်ရာများသို့ လှည့်လည်သွားရောက်ကာ ဝန်ထမ်းများအား တွေ့ဆုံအား ပေးစကားပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ ကံ့ကော်အိမ်ရာနှင့် ပိတောက်အိမ်ရာတို့သို့ သွားရောက်၍ မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ကြီးဌာနဝန်ထမ်းအိမ်ရာ အဆောက်အဦများအား ကြည့်ရှု၍ ဝန်ထမ်းများအား နိုင်ငံတော်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်း ပြောကြားကာ ဝန်ထမ်းများအတွက် ဝန်ကြီးဌာနအလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်ဗူးများနှင့် ထောက်ပံ့ငွေများကို ဝေငှပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သပြေအပျိုဆောင်နှင့်သရဖီ(ဘူးကွဲ) အိမ်ရာတို့သို့လှည့်လည်၍ ဝန်ကြီးဌာနမှ ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးမှုနှင့် ဝန်ထမ်းများ နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာရေး အခြေအနေများကို မေးမြန်းကာ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်ဗူးများ၊ အဝတ်အထည်များနှင့် ထောက်ပံ့ငွေများကို အသီးသီး ဝေငှပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားသင်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါ သင်တန်းကျောင်း၌ ယာယီ ရွှေ့ပြောင်း ရောက်ရှိနေသည့် ဝန်ထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းအချင်းချင်း အပြန်အလှန် အားပေးကူညီဆောင်ရွက်ရေးနှင့် ကျန်းမာရေးကောင်းမွန်ရန် ဂရုပြုနေထိုင်ရေး မှာကြားကာ ဝန်ကြီးဌာနအလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊သောက်ရေသန့်ဗူးများ၊ အဝတ်အထည်များ၊ ဆိုလာမီးအိမ်များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.