ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ်များအတွင်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လိုအပ်သည့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှု လှည့်လည်ကြည့်ရှုအားပေး
နေပြည်တော်၊ မေ ၁၆ ။
လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၁၆ ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံး သွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ပန်းခင်း စီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်နေမှုကို လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံး၊ ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်း များနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှု၊ ငလျင်ဒဏ်ကြောင့် ရုံးခန်းအတွင်း ထိခိုက်ပျက်စီးမှုအား ပြန်လည် ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအားတွေ့ဆုံ၍ စာရွက်စာတမ်းများနှင့် ရုံးပစ္စည်းများ၊ e-ID ဆိုင်ရာ စက်ပစ္စည်းကိရိယာများလုံခြုံမှုရှိစေရေး အတွက် အမြဲမပြတ်စစ်ဆေးကြပ်မတ် ထိန်းသိမ်းဆောင်ရွက်ရေး၊ ငလျင်ဒဏ်ခံရသဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး/ပျက်စီးသွားသူများနှင့် အသက်ပြည့်မီသူများအား ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး အလေးထား ဆောင်ရွက်ရန်မှာကြားကာ ငလျင်ဒဏ်ခံရသည့် မြို့နယ်ရုံးဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပျက်စီး/ပျောက်ဆုံးသွားသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည် ကြည့်ရှုကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၍ လိုအပ်သည်များကို မေးမြန်း ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ဆောင်ရွက်ထုတ်ပေး နေမှုကိုကြည့်ရှုအားပေးပြီးနောက် မြို့နယ်ရုံး၊ရုံးခန်းအတွင်း ရုံးစာရွက်စာတမ်းများနှင့်မှတ်တမ်းခန်း အတွင်း ကိုယ်ရေးမှတ်တမ်းများထိန်းသိမ်းထားရှိမှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးခန်းများ ပြန်လည်ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်း လိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ ဝန်ထမ်းများက မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး အတွက် တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းများအားတွေ့ဆုံကာ မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ ကိုင်ဆောင်ကတ်ပြား ရရှိကိုင်ဆောင်မဲပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရေး ၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိစေရေး၊ ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံ၍ ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေး မှာကြားကာ ငလျင်ဒဏ်ခံရသည့်မြို့နယ်ရုံး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.