ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးတက်ရောက်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်း ခရိုင်ဦးစီးမှူးရုံးများအား ကြည့်ရှုကာ ဝန်ထမ်းများအား လုပ်ငန်းလိုအပ်ချက်များမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးတက်ရောက်၊

သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်း ခရိုင်ဦးစီးမှူးရုံးများအား ကြည့်ရှုကာ ဝန်ထမ်းများအား လုပ်ငန်းလိုအပ်ချက်များမှာကြား။

နေပြည်တော်၊ အောက်တိုဘာ     ၂၆    ။

          နိုင်ငံတော်မှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံးလုပ်ငန်းစဉ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကကျသည့်လုပ်ငန်းတစ်ရပ်မှာ မှန်ကန် သောမဲစာရင်းများပြုစုပြီး မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း လွတ်လပ်ပြီး တရားမျှတစွာ ဆန္ဒမဲပေး နိုင်ရေးပင်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ပြည့်စုံမှန်ကန်သော မဲစာရင်းများဖြစ်စေရေးအတွက် အဓိကတာဝန်ရှိသည့် ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိမိတို့ ဝန်ကြီးဌာနတို့အနေဖြင့် လက်ရှိလုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက် များ၊ ပေါင်းစပ်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့်ပတ်သက်၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် ယခုကဲ့သို့ တွေ့ဆုံအစည်းအဝေးကျင်းပရခြင်းဖြစ်ပါကြောင်းဖြင့် အောက်တိုဘာလ    (၂၆) ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး တာဝန်ရှိသူ များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ အတွင်းရှိ နိုင်ငံသားအားလုံး ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်းအရ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် မိုးပွင့်စီမံချက်၊ သစ္စာစီမံချက်တို့ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်၊ ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲများ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင် သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ရည်ရွယ်ကာ နိုင်ငံသား ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပန်းခင်းစီမံချက်ကို (၃-၅-၂၀၂၁) ရက်မှ (၃-၁၁-၂၀၂၂) ရက်အထိ (၁၈) လတာကာလအတွင်း လူဦးရေ (၃ ဒသမ ၄)သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပြီး လုံခြုံရေးအခြေအနေအရ မြို့နယ်အနည်းငယ်၌သာ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ပေးရန်ကျန်ရှိပါကြောင်း၊ ယခုထပ်မံ အသက်ပြည့် လာမည့်သူများနှင့် မဲပေးပိုင်ခွင့်ရှိသူများ ကတ်ပြားရရှိရန်ကျန်ရှိမှုမရှိစေရေး ရည်ရွယ်၍ ပန်းခင်း စီမံချက်အဆင့်(၂)ဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဌာနမှ ယခုကဲ့သို့ ဆောင်ရွက်ပေးနေသကဲ့သို့ မဲစာရင်းမှန်ကန်ရေးအတွက်လည်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် လူဦးရေစာရင်းကို မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှု ကနဦးစာရင်းများအရ မိမိတို့ဝန်ကြီးဌာန၏ အခြေခံစာရင်းဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) ပါ စာရင်းများနှင့် အနည်းငယ်ကွဲလွဲမှုများရှိနေပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများရှိ လက်ရှိမြေပြင်လူဦးရေ စာရင်းများကို မိမိတို့ဌာန မြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များနှင့် တိုက်ဆိုင်ကာ မွေးဖွားမှုအတွက် အင်အားတိုးခြင်း၊ သေဆုံးမှုအတွက် အင်အားလျော့ခြင်း၊ ပြောင်းဝင်/ပြောင်းထွက်များ စာရင်း တိုက်ဆိုင်ခြင်းတို့ကို အဆင့်ဆင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် မှသာ မှန်ကန်သောလူဦးရေစာရင်း များကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနတွင်လည်း မြို့နယ်ရုံးအသီးသီးရှိ အိမ်ထောင်စု လူဦးရေစာရင်းများနှင့် နိုင်-၄ မှတ်တမ်း ပါ အချက်အလက်များအား Software နည်းပညာ အသုံးပြု၍ ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ ရုံးချုပ် Server သို့ပေးပို့သိမ်းဆည်းထားပြီး အချက် အလက်ကွဲလွဲမှုများ၊ အပိုကိုင်ဆောင်မှုများ အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များကို နည်းမျိုးစုံဖြင့် အသိပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းကာလအတွင်း မိမိတို့ဌာနဝန်ထမ်းများအား မြေပြင်ကွင်းဆင်းခြင်းကို ခေတ္တရပ်နားထားကာ ရွေးကောက်ပွဲကော်မရှင်စာရင်း၊ Software နည်းပညာဖြင့် ပြုစုထားသည့် စာရင်းနှင့် ပြည်သူများ လာရောက်ပြင်ဆင်ဆောင်ရွက်သည့်စာရင်း စသည်တို့အား ရုံးထိုင်၍ တိုက်ဆိုင်စိစစ်အတည်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပြီးဖြစ်ပါက မှန်ကန် သော မဲစာရင်းပြုစုရာတွင် အထောက်အကူပြုမည့် အချက်အလက်များ ရရှိနိုင်မည်ဖြစ်ပြီး မဲစာရင်းတွင် ပါဝင်၍ မည်သည့် ကတ်ပြားမျှ မရှိသေးသူများအား ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုအစည်း အဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအဆင့်ဆင့်နှင့် မိမိတို့ဌာနတို့မှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအပေါ် ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်မှုများ၊ ဖြည့်ဆည်း ပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကာ အကောင်းဆုံးညှိနှိုင်း အဖြေရှာ၍ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်-၄ ပါ အချက်အလက်များကို Software နည်းပညာဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုနှင့် လက်ရှိ လူဦးရေစာရင်းတိကျမှန်ကန်ရေးအတွက် မြေပြင် ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှု၊ Software နည်းပညာဖြင့် တိုက်ဆိုင်ကာ အတည်ပြုဆောင်ရွက် မှုနှင့် မဲစာရင်းမှန်ကန်ရေးအတွက် ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူး ဦးအောင်ဝင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်ရေး အတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း‌ရေးမှူး ဦးညီညီမင်းနှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးဇော်နိုင်ဦး တို့က ပူးပေါင်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို အသီးသီးဖြည့်စွက်ဆွေးနွေးတင်ပြ ကြသည်။

          ယင်းနောက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ရွေးကောက်ပွဲတစ်ခု၏ အဓိကအရေးကြီးဆုံးဖြစ်သည့် မဲစာရင်းမှန်ကန်စွာပြုလုပ်ရေးလုပ်ငန်း အား သတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက် သည်။

          အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ခန်းမအတွင်း၌ သက်ဆိုင်ရာဝန်ထမ်းများက မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းမှ ရရှိလာသည့် အချက်အလက်များအား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ ပြန်လည်ပေးပို့ဆောင်ရွက်နေမှု၊ ရုံးချုပ် Server ရှိ အချက်အလက်များနှင့်တိုက်ဆိုင်၍ နိုင်ငံသားကတ်နံပါတ် ဖြည့်သွင်းခြင်းနှင့် နံပါတ်ထပ်နေမှုအား ဖြေရှင်းဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ သင်္ကန်းကျွန်းမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများအားတွေ့ဆုံကာ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား မေးမြန်းပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းက PDF အကြမ်းဖက် အဖွဲ့က ရုံးအတွင်းဝင်ရောက်၍ ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားမှုအပေါ်သုံးသပ်ပြောကြားကာ အားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းခရိုင်ဦးစီးမှူးရုံးသို့ ရောက်ရှိရာ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဖြူဖြူက ခရိုင်ရုံးအသစ်ဖွင့်လှစ်ထားရှိမှုနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေး၍ လုံခြုံရေးသတိ အမြဲရှိ ရေးနှင့် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေး မှာကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမာရွတ်မြို့နယ် Time City ရှိ တရုတ် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရုံးအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့် တရုတ်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အားတွေ့ဆုံကာ မြန်မာနိုင်ငံသို့ ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ၏ ပြည်ဝင်ဗီဇာနှင့် နေခွင့်သက်တမ်းတိုးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။ (-)

Sorry, the comment form is closed at this time.