ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန် ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်၊နိုင်ငံတော်၏အနာဂတ်အတွက်တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း၊

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း

ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်၊ နိုင်ငံတော်၏အနာဂတ်အတွက် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း၊

နေပြည်တော်၊ အောက်တိုဘာ   ၂၇       ။

          ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ (၂၇)ရက်၊ ယနေ့နံနက် ၉ နာရီ၄၅မိနစ်က ပဲခူးမြို့ရှိ တော်ဝင်ဟံသာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တိုင်းဒေသကြီးနှင့်ခရိုင်အဆင့်တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ တွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားအားလုံး ၎င်းတို့၏ နိုင်ငံသားဖြစ်တည်မှုအရ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းကို ခေတ်အဆက်ဆက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ယခုနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူနိုင်ငံသားအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် (၁၈)လတာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပေးရာတွင် တိုင်းဒေသကြီး/ပြည်နယ် အလိုက် သတ်မှတ်ကာလ (၁၈)လအတွင်း ဆောင်ရွက်ပေးရမည့် ပမာဏကို လျာထားသတ်မှတ် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါကြောင်း၊ သို့ရာတွင် လျာထားချက်ပြည့်မီပြီးစီးသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း အသက်ပြည့်မီလာသူ များနှင့် နိုင်ငံသားကတ်မပြုလုပ်ရသေးသူများ မကျန်ရှိစေရေးအတွက် ပန်းခင်းစီမံချက်အဆင့် (၂)ဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားကတ် ကိုင်ဆောင်မဲပေးနိုင်ရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သကဲ့သို့ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ စာရင်းတိကျမှန်ကန်ရေးသည်လည်း အရေးကြီးသည့်လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများဖြစ်သည့်  ရွေးကောက်ပွဲကော်မရှင်နှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့သည့် ကနဦးစာရင်းများသည် မိမိတို့ဝန်ကြီးဌာန၏ အခြေခံစာရင်းဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါစာရင်း များနှင့် ကိုက်ညီရေးအတွက်သုံးပွင့်ဆိုင်တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်း‌ဒေသကြီး၏ လူဦးရေစာရင်းသည်လည်း ယင်းကဲ့သို့ သုံးပွင်ဆိုင်တိုက်ဆိုင် စစ်ဆေးပါက စာရင်းအမှန်ရရှိမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးများ၏ အခြေခံဒေသလူဦးရေစာရင်းများသည် အနီးစပ်ဆုံးတိကျ မှန်ကန်သည့်အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ လက်ရှိမြေပြင်လူဦးရေစာရင်း များဖြင့်တိုက်ဆိုင်၍ လူဦးရေတိုးခြင်း၊ လျော့ခြင်း၊ စာရင်းပယ်ဖျက်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း များကို ဌာနအချင်းချင်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဌာန အနေ ဖြင့်လည်း မြို့နယ်ရုံးအသီးသီးရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)နှင့် နိုင်ငံသားကတ် ထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ်(နိုင်-၄)တို့ပါ အချက်အလက်များအား နည်းပညာအကူအညီဖြင့် ရုံးချုပ် Server သို့ထည့်သွင်းဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားကတ် အပိုကိုင်ဆောင်မှုများ၊ အချက်အလက်လွှဲမှားမှုများရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများ အနေဖြင့် အချက်အလက်လွဲမှားမှုများ၊ အပိုကိုင်ဆောင်မှုများရှိပါက ပြန်လည်အတည်ပြု ပြင်ဆင် အပ်နှံဆောင်ရွက်နိုင်ရန် လာမည့်နိုဝင်ဘာလ(၁)ရက်နေ့ နောက်ဆုံးထားပြင်ဆင်အတည်ပြု နိုင်ရေး မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များကို မီဒီယာမျိုးစုံမှ အသိပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းအသိပေးထုတ်ပြန်ချက်ကိုလည်း ရပ်ကွက်၊ ကျေးရွာအဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လိုက်ပါ ပူးပေါင်းဆောင်ရွက်နိုင်‌ရေး လက်ဆင့်ကမ်းပြောကြား ပေးကြစေလိုပါကြောင်း၊ ယခုကာလအတွင်း မိမိတို့ဌာန၏ မြို့နယ်ရုံးဝန်ထမ်းများအား မြေပြင် ကွင်းဆင်းမှု ခေတ္တရပ်နားကာ အချက်အလက်တိုက်ဆိုင်စစ်ဆေးသည့် လုပ်ငန်းစဉ်များကို ရုံးထိုင် စနစ်ဖြင့် တိုက်ဆိုင်စိစစ်ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ယင်းအချက်အလက် များ ပြင်ဆင်အတည်ပြုပြီးပါက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ထုတ်ပေးထားမှု စာရင်း အတိအကျရရှိမည်ဖြစ်ပြီး ယင်းစာရင်းများသည် မဲစာရင်းမှန်ကန်ရေး အတွက် အထောက် အကူပြုနိုင်မည့်စာရင်းများအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းစာရင်းများအား မြေပြင် ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးထားသည့် စာရင်းများနှင့်ထပ်မံတိုက်ဆိုင်စိစစ်ကာ မှန်ကန်သော မဲစာရင်းများ ပြုစုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပြီး ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်၍ အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် ဆက်စပ်ဌာနများအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် နေမှုအခြေအနေများနှင့်ပြည်သူများအား အသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာအရောက် ပြည်သူများသိရှိစေရေး ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မင်းက ပန်းခင်းစီမံချက်ဆောင်ရွက်ပြီးစီးမှုနှင့် မဲစာရင်းမှန်ကန်ရေးအတွက်မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ ဒေါက်တာ ကျော်ကိုလတ်က မြေပြင် လူဦးရေစာရင်း ကွင်းဆင်းကောက်ယူထားရှိမှုအခြေအနေကို လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက်အရေးကြီးသည့် လုပ်ငန်း တစ်ခုဖြစ်သည့် မဲစာရင်းမှန်ကန်စွာပြုစုရေးလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ပြီးစီးနိုင်ရေး နိဂုံးချုပ်အမှာစကား ပြောကြားကာအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.