ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ တက်ရောက်၊ e-ID စနစ်လုပ်ငန်းဆောင်ရွက်ရာတွင် အရေးပါသည့် လုပ်ငန်းဖြစ်သည့်အတွက် အလေးထားမှတ်သားဆောင်ရွက်ကြရန်တိုက်တွန်း။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ တက်ရောက်၊

e-ID စနစ်လုပ်ငန်းဆောင်ရွက်ရာတွင် အရေးပါသည့် လုပ်ငန်းဖြစ်သည့်အတွက် အလေးထားမှတ်သားဆောင်ရွက်ကြရန်တိုက်တွန်း။

နေပြည်တော်၊ အောက်တိုဘာ ၃၁။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် e-ID စနစ်လုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်တစ်ခု ဖြစ်သော ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကို အောက်တိုဘာလ ၃၁ ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ e-Government စနစ်အတွက် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူရေးသည် အဓိကကျသည့်လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း (e-ID) ဆိုသည်မှာ နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) ဖြင့်ခွင့်ပြုသူ ၊ အမြဲနေ အခွန်ဆောင်နိုင်ငံခြားသား စသည်တို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ် သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ယခုအခါ မိမိတို့ဝန်ကြီးဌာန၏ မြို့နယ်ရုံးအသီးသီးရှိ နိုင်ငံသားကတ်ထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ်           (နိုင်-၄) ပါလူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (၅၂) သန်းကျော်နှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက် (၁၃) သန်းကျော်အား နည်းပညာအသုံးပြု၍ ရုံးချုပ် Server သို့ ထည့်သွင်းကာ ဆိုက်ဘာလုံခြုံရေးအစီအမံများဖြင့် ထိန်းသိမ်းထားရှိပြီး ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်၏ တွေ့ရှိချက်များအရ နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း အချက်အလက်လွဲမှားမှု၊ အပိုကိုင်ဆောင်မှု၊ နိုင်ငံသားကတ်အမှတ်များ ထပ်နေမှု၊ နိုင်ငံသားကတ် ကိုင်ဆောင်ထားခြင်းမရှိမှု စသည်တို့နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်းများကို ပြည်သူများ သိရှိနားလည်ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံပိုင်မီဒီယာများ ၊ လက်ကမ်းစာစောင်များ၊ ဗီနိုင်းဆိုင်းဘုတ်များဖြင့် ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ယခုအခါ Database Server အတွင်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် Biographic ထည့်သွင်းခြင်းဆောင်ရွက်သကဲ့သို့ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူသည့် လုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံး သည်နှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုအဖြစ် Enrollment Devices  (၁၂) စုံ အသုံးပြု၍ လာမည့်နိုဝင်ဘာလမှစတင်ကာ Pilot Project ဖြင့် နေပြည်တော်အတွင်းရှိ ဌာနကြီး များနှင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပြီးနောက်ပိုင်းတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ်မြို့နယ်များတွင် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချချက်များကို အလေးဂရုပြုမှတ်သားဆောင်ရွက်၍ တိုင်းဒေသကြီး/ပြည်နယ် များသို့ ပြန်လည်ရောက်ရှိသည့်အချိန်တွင် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ e-ID စနစ်သည် လူတစ်ဦးချင်းစီ၏ အချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်ပြီး e-Government စနစ်အကောင်အထည်ဖော်ရာတွင် အခြေခံ အထောက်အကူပြုနိုင်သကဲ့သို့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ အသီးသီး၏ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် e-ID စနစ်၏ အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ကို ဆောင်ရွက်နိုင်ရန် ယခုသင်တန်းမှ ပို့ချချက်များကို အလေးထားမှတ်သားလိုက်နာ ဆောင်ရွက်ကြရန်နှင့် မရှင်းလင်းသည့်အချက်များရှိပါက ပွင့်ပွင့်လင်းလင်း မေးမြန်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

          အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းခန်းမအတွင်းသင်တန်းသား/ သင်တန်းသူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းစဉ်များ လက်တွေ့ပို့ချဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးနှင့် ရုံးချုပ်တို့မှ သင်တန်းသား/သင်တန်းသူ (၅၇) ဦးတက်ရောက်ကြ၍ သင်တန်းကို (၅) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက နေပြည်တော်အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာနအသီးသီးမှဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်း  လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.