ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ နိုင်ငံတော်၏ ဒီဂျစ်တယ်စနစ်ကူးပြောင်းရေးအတွက် မဖြစ်မနေဆောင်ရွက်ကြရေးမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူနိုင်ရေး

ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ နိုင်ငံတော်၏ ဒီဂျစ်တယ်စနစ်ကူးပြောင်းရေးအတွက် မဖြစ်မနေဆောင်ရွက်ကြရေးမှာကြား။

နေပြည်တော်၊ နိုဝင်ဘာ ၉။

          ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများအား e-ID စနစ်လုပ်ငန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဇီဝဆိုင်ရာအချက်အလက် ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၉ ရက်၊ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ ဌာနကြီးများနှင့် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးနိုင်ရေးအတွက် ယခုအစည်းအဝေးကို ကျင်းပရ ခြင်းဖြစ်ပါကြောင်း၊ e-Government စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းတစ်ရပ်ဖြစ်သည့် e-ID စနစ်လုပ်ငန်းကို မိမိတို့ဝန်ကြီးဌာနက တာဝန်ယူ၍ ဆက်စပ်ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သည့် အဖွဲ့ဝင် (၂၉) ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်း လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် အဓိကအားဖြင့် နိုင်ငံတွင်းနေထိုင်သူ အသက်(၁၀) နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုသူ (PR) ၊ အမြဲနေအခွန်ဆောင်နိုင်ငံခြားသားများ (FRC) စသည်တို့၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data)များ ကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး Unique ID နံပါတ် (ဂဏန်း၁၀လုံး) သတ်မှတ်မှတ်ပုံတင်ထုတ်ပေးနိုင်ရေးပင် ဖြစ်ပါကြောင်း၊ e-ID စနစ်လုပ်ငန်းအတွက် လိုအပ်သည့်နည်းပညာနှင့် စက်ကိရိယာများဝယ်ယူ အသုံးပြုနိုင်ရေးအတွက်လည်း ကော်မတီများဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ e-ID စနစ်လုပ်ငန်းအတွက် မိမိတို့ဝန်ကြီးဌာန၏ မြို့နယ်ရုံးအသီးသီးရှိ နိုင်ငံသားကတ်ပြားထုတ်ပေး ခြင်းမှတ်ပုံတင်စာအုပ်(နိုင်-၄)ပါလူတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်မှတ်တမ်း (၅၂)သန်း ကျော်နှင့် ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ FRC ၊ PR တို့၏ အချက်အလက်များကို Database Server အတွင်းသို့ ထည့်သွင်းပြီးဖြစ်ပါကြောင်း၊ ထို့ပြင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) (၁၃) သန်းကျော်ကိုလည်း နည်းပညာအသုံးပြု၍ Database Server အတွင်း ထည့်သွင်းပြီးဖြစ်ပါ ကြောင်း၊ ယင်းသို့ထည့်သွင်းပြီးဖြစ်သည့် ကိုယ်ရေးအချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေ ဆိုင်ရာအချက်အလက်များ မှန်ကန်ပြည့်စုံတိကျစေရန်အတွက်လည်း နည်းပညာနှင့်မူဝါဒဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအမံ များကိုလည်း ထည့်သွင်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း နိုင်ငံသားကတ်နှင့် အထစပုံစံတစ်ခုထက် ပိုမိုကိုင်ဆောင်သူများ၊ နံပါတ်ထပ်နေသူများ၊ အချက် အလက်လွဲမှားသူများရှိနေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် မိမိတို့လဝကမြို့နယ်ရုံးများနှင့် ဆက်သွယ်ကာ ပြင်ဆင်/ပယ်ဖျက်/အတည်ပြုဆောင်ရွက်နိုင်ရန် မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်ကို နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ဖော်ပြအသိပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ယခုနိုဝင်ဘာလ (၁၅) ရက် နောက်ဆုံးထားဆောင်ရွက် ကြရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပါက နောက်ဆုံးကိုင်ဆောင်ထားသည့် နိုင်ငံသားကတ် နံပါတ်နှင့် နောက်ဆုံးရရှိထားသည့် အထစကိုသာ အတည်ပြုထားရှိမည်ဖြစ်ပြီး ကျန်နံပါတ်နှင့် အထစများကို ပယ်ဖျက်သွားမည်ဖြစ်ပါကြောင်း၊ ပယ်ဖျက်လိုက်သည့်နိုင်ငံသားနံပါတ်များကို ဆက်စပ်ဝန်ကြီးဌာနများသို့ ပေးပို့အကြောင်းကြားမည်ဖြစ်သည့်အတွက် ယင်းနံပါတ်များနှင့် ပတ်သက်၍ ကာယကံရှင်များမှဆောင်ရွက်ထားရှိသည့် လုပ်ငန်းအရပ်ရပ်သည် ရပ်တန့်သွားမည် ဖြစ်သည်ကိုလည်း အသိပေးပြောကြားလိုပါကြောင်း၊ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၏ Biographic Data များဖြစ်သည့် နိုင်-၄ ကိုယ်ရေးအချက်အလက် (၅၂) သန်းကျော် နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) (၁၃) သန်းကျော်တို့ကို Database Server အတွင်း ထည့်သွင်းပြီးဖြစ်သည့်အတွက် လုပ်ငန်းစဉ်အလိုက် ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ဆောင် ရွက်နိုင်ရန် လိုအပ်သော Hardware နှင့် Software များ ဝယ်ယူနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ပစ္စည်းများမရောက်မီ လက်ရှိ ရှိနေသည့် Enrollment Devices (၁၂) စုံဖြင့် လာမည့် နိုဝင်ဘာလ ၁၄ ရက်မှစ၍ စမ်းသပ်စီမံချက် (Pilot Project) အဖြစ် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာနများရှိဝန်ထမ်းများအား ဇီဝအချက်အလက်များကောက်ယူ သွားမည်ဖြစ်ပါကြောင်း၊ ယခုပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား Biometric အချက်အလက်ကောက်ယူခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးအတွက် ယခု အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပြီး မရှင်းလင်းသည့်အချက်များကို ပွင့်ပွင့် လင်းလင်း မေးမြန်းဆွေးနွေးကြရန် ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

          ထို့နောက် e-ID စနစ်လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒေါက်တာမျိုးသန့်က e-ID စနစ် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဌာနကြီးများနှင့်ဝန်ကြီးဌာနအသီးသီးမှဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ မည့်အစီအစဉ်နှင့် ဌာနအလိုက် စီစဉ်ဆောင်ရွက်ပေးရမည့် အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ဝန်ကြီးဌာနကိုယ်စားလှယ်များ သိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်အလက်များနှင့် လိုအပ်သည်များညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးမည့်အခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြသည်။

          ယခုရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုလုပ်ငန်းစဉ်သည် e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်ပြီး နိုင်ငံတော်၏ ဒီဂျစ်တယ်စနစ်ကူးပြောင်းရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

e-ID စနစ်သည် Unique ID နံပါတ် သတ်မှတ် မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) တို့ကို Databaseတွင် သိမ်းဆည်းဆောင်ရွက်ရခြင်းဖြစ်ပြီး လာမည့်နိုဝင်ဘာလ (၁၄) ရက်မှ စတင်ကာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများအား သတ်မှတ်ရက်အလိုက် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ သတ်မှတ်မြို့နယ်များ၌ ဆက်လက်ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.