ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ဝန်ထမ်းများအား တွေ့ဆုံ၍ ပန်းခင်းစီမံချက်နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းစဉ်များ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဆွေးနွေးမှာကြားကာ လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ဝန်ထမ်းများအား တွေ့ဆုံ၍ ပန်းခင်းစီမံချက်နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းစဉ်များ

သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဆွေးနွေးမှာကြားကာ လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၁၆။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၁၆) ရက်၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများအားတွေ့ဆုံရာ ရှေးဦးစွာ ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်က ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် “ဝ” အထူးဒေသအတွင်း ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်ဦးစီးမှူးရုံးများ၏ နိုင်-၄နှင့် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်း၍ ရုံးချုပ် Serverသို့ ပေးပို့ဆောင်ရွက်ပြီးစီးမှု၊ ခရိုင်/မြို့နယ်အလိုက် မြေပြင်လူဦးရေစာရင်းအား ဆက်စပ် ဌာနများနှင့် တိုက်ဆိုင်စစ်ဆေး ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပန်းခင်း စီမံချက်သည် ပြီးခဲ့သည့် နိုဝင်ဘာလ(၃)ရက်နေ့တွင် သတ်မှတ်ကာလပြည့်ပြီ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ထုတ်ပေးရန် ကျန်ရှိနေသူများအတွက် ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆက်လက်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ထို့အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ” အထူးဒေသအတွင်း ဆောင်ရွက်ရန်ကျန်သည့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အား ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပန်းခင်း စီမံချက်သည် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးနိုင်ရေးအတွက် မဲစာရင်း မှန်ကန်ရေးသည်လည်း မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် တိကျမှန်ကန်သော မဲစာရင်းဖြစ်စေရေးအတွက် မိမိတို့ဌာနအပါအဝင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ်ကာ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး အတည်ပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား သက်ဆိုင်ရာနယ်မြေဒေသအလိုက် ဌာနဆိုင်ရာများ ပေါင်းစပ်စုဖွဲ့ကာ မြေပြင်ကွင်းဆင်း ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိ ဖြည့်သွင်းပြီးဖြစ်သည့် နိုင်-၄နှင့် အထစပါ အချက်အလက်များနှင့်ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ မှတ်တမ်းများဖြင့် သော်လည်းကောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသည့် မှတ်တမ်းများဖြင့်သော်လည်းကောင်း စနစ်တကျ တိုက်ဆိုင်စစ်ဆေး ဖြည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပြီး  လုပ်ငန်းများဆောင်ရွက်ရာ တွင် လုံခြုံရေးသတိအမြဲရှိရန်နှင့် အချင်းချင်းရင်းနှီးချစ်ကြည်စွာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းမှာကြားသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လားရှိုးခရိုင်ဦးစီးမှူးရုံးသို့ သွားရောက်၍  ရုံးအဆောက်အဦ အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လားရှိုးမြို့နယ်ဦးစီးမှူးရုံးသို့ရောက်ရှိရာ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေဦးက မြို့နယ်အတွင်း ပန်းခင်းစီမံချက် နှင့် မဲစာရင်းမှန်ကန်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်-၄နှင့် အထစအား ကွန်ပျူတာအတွင်း ဖြည့်သွင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေး၍ မြို့နယ်ရုံးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီးနောက် ဝန်ထမ်းများက ကွန်ပျူတာများဖြင့် နိုင်-၄ နှင့် အထစများ ဖြည့်သွင်းစိစစ် ဆောင်ရွက်နေမှုအခြေအနေများ၊ မှတ်တမ်းခန်းအတွင်း လူတစ်ဦးချင်းစီ၏ ကိုယ်ရေးမှတ်တမ်းများ သိမ်းဆည်းထားရှိမှုအခြေအနေများနှင့် ရုံးဝန်းအတွင်းရှိ ရုံးအဆောက်အဦ အခြေအနေများ ကို  လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.