ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်မည့်ဝန်ထမ်းများအား တွေ့ဆုံ၊ အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် စနစ်တကျစိစစ်ခွင့်ပြု ဆောင်ရွက်ကြရေးမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်မည့်ဝန်ထမ်းများအား တွေ့ဆုံ၊

အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် စနစ်တကျစိစစ်ခွင့်ပြု ဆောင်ရွက်ကြရေးမှာကြား။

နေပြည်တော်၊ နိုဝင်ဘာ ၁၇ ။

          နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်းအရ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် လျာထားသတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းခင်းစီမံချက်ကို လုပ်ငန်းကာလ (၁၈) လတာသတ်မှတ်ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း “ဝ” အထူးဒေသမှလွဲ၍ ကျန်မြို့နယ်များတွင် လျာထားချက်ပြည့်မီ အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဒေသအာဏာပိုင်များနှင့် “ဝ” အထူးဒေသမှ တိုင်းရင်းသား အဖွဲ့များ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးမှုကြောင့် “ဝ” အထူးဒေသအတွင်း ပန်းခင်း စီမံချက်အဆင့်(၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ကွင်းဆင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့် နိုဝင်ဘာလ (၁၇) ရက်၊ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး (သစ္စာခန်းမ)၌ “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်မည့် ဝန်ထမ်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တွေ့ဆုံမှာကြားရာတွင် ယင်းကဲ့သို့ထည့်သွင်းပြောကြားသည်။

          ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ထုတ်ပြန်ပြဌာန်းထားသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် နိုင်ငံသားအရည်အချင်း ပြည့်မီ သူများအတွက် ရသင့်သည့် ကတ်ပြားကို သတ်မှတ်ချက်နှင့်အညီ ထုတ်ပေးကြရန်လိုသကဲ့သို့ မရသင့်သူများအား ထုတ်ပေးမှုမပြုမိစေရေးအတွက် ဂရုတစိုက်အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ “ဝ” အထူးဒေသအတွင်း သွားရောက်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအတွက် ကိုယ်ရေးအချက်အလက်မှတ်တမ်းမှတ်ရာများကို စနစ်တကျပြုစုထားရှိရန်နှင့် သက်ဆိုင်ရာ ဒေသ တိုင်းရင်းသားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်မှဖွဲ့စည်းပေးထားသည့် မြို့နယ်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးအဖွဲ့ (၅-ဦးကော်မတီ)တွင် ပါဝင်ဆောင်ရွက်မည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများသည်လည်း နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် စနစ်တကျ စိစစ်ခွင့်ပြုဆောင်ရွက်ကြရန်နှင့် ဥပဒေအရ ဆက်လက်တင်ပြ ဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါကလည်း ကာယကံရှင်များအား အသေးစိတ်ရှင်းလင်းချပြ ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွင်  ဆောင်ရွက်ပေးရန် လျာထားချက်ကို သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်နိုင်ရေးအတွက် ရုံးစာရွက်စာတမ်းပုံစံများ အပါအဝင်  လိုအပ်ချက်များကို ကြိုတင်မျှော်တွေး စိစစ်ဆောင်ရွက်ထားရန်နှင့် လိုအပ်ချက်များကို အချိန်မီ တင်ပြဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းပြီးစီးမှုများနှင့် ထူးခြားဖြစ်စဉ်များအား သက်ဆိုင်ရာ ဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်နှင့် အချင်းချင်း စည်းလုံး ညီညွတ်စွ ဖြင့် လုပ်ငန်းများ အမြန်ဆုံးပြီးပြတ်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းမှာကြားသည်။

          ထို့နောက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက “ဝ” အထူးဒေသ အတွင်း ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ရာတွင် ဒေသခံအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရေး၊ မလိုလားအပ်သော အုပ်ချုပ်မှုကိစ္စများ မဖြစ်ပွားစေရေးတို့နှင့် စပ်လျင်း၍ ရှင်းလင်းပြောကြားပြီး “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ကြမည့် (၅)ဦးကော်မတီအပါအဝင် ဝန်ထမ်းများက ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းမှူးတို့အား တစ်ဦးချင်း မိတ်ဆက်ကြသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးက “ဝ” အထူးဒေသအတွင်း သွားရောက်တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးညွန့်ထံ ပေးအပ်ပြီးနောက် ဒေသခံပြည်သူများအပေါ် ယဉ်ကျေး ပျူဌာစွာ ဆက်ဆံကြရေး နှင့် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အလေးထားဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုရုတ်သိမ်းလိုက်သည်။

          အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူးတို့သည် “ဝ” အထူးဒေသ အတွင်း ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်ရာတွင် ယူဆောင်သွားမည့် ရုံးစာရွက်စာတမ်း ပုံစံများ၊ အထောက်အကူပြုပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီးနောက် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း ရင်းနှီးချစ်ကြည်စွာ နေ့လည်စာအတူတကွ သုံးဆောင်ကြသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ရွှေလီရိပ်သာရှိ ရွှေလီရတနာခန်းမ၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက် အဆင့်(၂) ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ တာသိန်းဇော်၊ “ဝ” ဆက်ဆံရေးရုံးတာဝန်ခံ ဦးဟဲလု၊ နိုင်ငံသားစိစစ်ခြင်းဆိုင်ရာ (၅)ဦးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူး များနှင့် တွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ခေတ်အဆက်ဆက် စီမံချက်များရေးဆွဲဆောင်ရွက်ခဲ့မှုနှင့် လက်ရှိ နိုင်ငံတော်အစိုးရကာလအတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား ကတ်ပြားထုတ်ပေးဆောင်ရွက်မှုအခြေအနေ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများအတွင်း ပန်းခင်းစီမံချက်ဆောင်ရွက်ပေးမှုနှင့် ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ရုံးချုပ် Server အတွင်း နိုင်-၄ နှင့် အိမ်ထောင်စုလူဦးရေစာရင်းပါအချက်အလက်များ ဖြည့်သွင်းမှုနှင့် ယင်းတို့နှင့်ပတ်သက်၍ နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ အပိုကိုင်ဆောင်မှု၊ အချက်အလက်မှားယွင်းမှု၊ နံပါတ်ထပ်မှုများအတွက် ပြန်လည်ပြင်ဆင်/ပယ်ဖျက်/အတည်ပြုရေးအတွက် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ထုတ်ပြန်ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အစီအစဉ်များ၊ ထို့ပြင် ရွေးကောက်ပွဲမဲစာရင်း မှန်ကန်ရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လဝကတို့ပူးပေါင်းကာ မြေပြင်ကွင်းဆင်းကောက်ယူ ဆောင်ရွက်မည့်အစီအစဉ်များ၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် သက်ဆိုင်ရာနယ်မြေဒေသအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်သည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

          ထို့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဌများနှင့် တာဝန်ရှိသူများက နယ်မြေ ဒေသအလိုက် မဲစာရင်းမှန်ကန်စွာ ပြုစုနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်သွားမည့်အစီအစဉ်၊ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်သည့်ဒေသနှင့် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဒေသအာဏာပိုင်များမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.