ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ လုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး

Mr. Ramanathan Balakrishnan နှင့် အဖွဲ့အားလက်ခံတွေ့ဆုံ၊ လုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

နေပြည်တော်၊ ဒီဇင်ဘာ ၈ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား ဒီဇင်ဘာလ (၈)ရက်၊ ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းဆိုင်ရာဆက်စပ်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် မိတ်ဝတ်မပျက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ နိုင်ငံခြားသား ဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပေးမှုနှင့် ယင်းလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့် နည်းလမ်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်း များအနေဖြင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ၊ မြန်မာနိုင်ငံ၏ လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.