ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟို ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)တက်ရောက်၊ လူဦးရေစာရင်းများကို စနစ်တကျ မထပ်မကျန် ကောက်ယူနိုင်ရေးအတွက် လိုအပ်ချက်များကို ကြိုတင်တွက်ချက်ပံ့ပိုး ကူညီ ဆောင်ရွက်ပေးကြရန်တိုက်တွန်း

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟို ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)တက်ရောက်၊

လူဦးရေစာရင်းများကို စနစ်တကျ မထပ်မကျန် ကောက်ယူနိုင်ရေးအတွက် လိုအပ်ချက်များကို ကြိုတင်တွက်ချက်ပံ့ပိုး ကူညီဆောင်ရွက်ပေးကြရန်တိုက်တွန်း

နေပြည်တော်၊ ဒီဇင်ဘာ ၉ ။

          လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက် ဖွဲ့စည်း ထားသည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၂)ကို ဒီဇင်ဘာလ(၉)ရက် ယနေ့မွန်းလွဲ(၂)နာရီက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌတို့က သက်ဆိုင်ရာ နယ်မြေများမှ ဗွီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကအမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော်တာဝန်လွှဲပြောင်းပေးနိုင်ရေးအတွက် လူဦးရေစာရင်းမှန်ကန်ရေးသည် လွန်စွာ အရေးကြီးပါကြောင်း၊ လူဦးရေစာရင်းမှန်ကန်မှသာ အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်မည်ဖြစ်ပါ ကြောင်း၊ ယင်းကဲ့သို့ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်၍ မိမိတို့ဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ပံ့ပိုးကူညီ ဆောင်ရွက်မှုကိုရယူကာ လဝကမြို့နယ် ဦးစီးမှူးရုံးများတွင်ရှိသည့် နိုင်ငံသားကတ်ပြားထုတ်ပေး ခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်း များကို ပထမအဆင့်အနေဖြင့်လည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)ပါ အချက်အလက်များကို ဒုတိယအဆင့်အနေဖြင့် လည်းကောင်း၊ နည်းပညာအသုံးပြု၍ နေပြည်တော်ရုံးချုပ်ရှိ Server အတွင်းသို့ ဖြည့်သွင်းခြင်းလုပ်ငန်းကို ယခုအခါ ဆောင်ရွက် ပြီးစီးပြီဖြစ်ပါကြောင်း၊ ယင်းစာရင်းအချက်အလက်များအပေါ် မူတည်၍ တတိယအဆင့်အနေဖြင့် လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ပါကြောင်း၊ ကြီးကြပ်မှုဗဟိုကော်မတီက ဒီဇင်ဘာလ(၂)ရက်တွင် မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်စသည့် မြေပြင်ကွင်းဆင်း ကောက်ယူ ရေး ကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ တို့ကို ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆောင်ရွက်မည့် နိုင်ငံတော်စီမံချက်ဖြစ်သည့်အတွက် ကြီးကြပ်မှု ဗဟိုကော်မတီအနေဖြင့် ကော်မတီအဆင့်ဆင့်ကို ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုကိုယ်တိုင်တက်ရောက် လာသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် Online ဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး /ပြည်နယ်ဝန်ကြီးချုပ်များသည် လုပ်ငန်းများအောင်မြင်ရေးအတွက် ဗဟိုကော်မတီ၏ အဓိက ကြပ်မတ် ဆောင်ရွက်ပေးရမည့်သူများဖြစ်ပါကြောင်း၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group)ကိုလည်း သတ်မှတ်ထား သည့် အဖွဲ့ဝင်များဖြင့်ဖွဲ့စည်းကာ သတ်မှတ်ကာလအတွင်း လူဦးရေစာရင်းများကို စနစ်တကျ မထပ်မကျန်ကောက်ယူနိုင်ရေး အတွက် လိုအပ်ချက်များကို ကြိုတင်တွက်ချက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါ ကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော သင်တန်းများဖြစ်သည့် ဗဟိုအဆင့်နည်းပြသင်တန်းကို နေပြည်တော်တွင် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆင့်ပွားသင်တန်း၊ မြို့နယ်အဆင့် ဆင့်ပွား သင်တန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်များတွင် လည်းကောင်း အဆင့်ဆင့်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါကြောင်း၊ ဆင့်ပွားသင်တန်းများအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များက စီမံဆောင်ရွက်ကြရန်နှင့် မြေပြင်တစ်အိမ် တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့(Working Group)ဖွဲ့စည်းမှု၊ သင်တန်းဖွင့်လှစ်မှု၊ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် ကြုံတွေ့နိုင်မည့် အခက်အခဲများ၊ နယ်မြေဒေသ အလိုက် လုံခြုံရေးဆိုင်ရာလိုအပ်ချက်များကို ကြိုတင်မျှော်တွေးကာ ဆက်စပ်ဌာနအချင်းချင်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် သတ်မှတ်ထားသည့်ပုံစံဖြင့် မသန်စွမ်း(၅)မျိုးစာရင်းကိုပါ တစ်ပါတည်း ကောက်ယူကြရမည်ဖြစ်ပြီး ကောက်ယူထားသည့် လူဦးရေစာရင်းအချက်အလက်များအား သတ်မှတ်အစီအစဉ်များအတိုင်း ပြုစုပေးပို့ကြရန်လိုကြောင်း၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ကော်မတီအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်နှင့် ကြီးကြပ်မှုဗဟိုကော်မတီဝင်များက အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထား ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

          ထို့နောက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးဒေါက်တာမျိုးသန့်က သင်တန်းစီမံချက်နှင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးစီမံချက်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးဦးဌေးလှိုင်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာ အုပ်ချုပ်မှုစီမံချက်ကိုလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးကြသည်။

          ဆက်လက်၍ ကြီးကြပ်မှုဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီး/ပြည်နယ် အလိုက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမည့် အခြေအနေ၊ ကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ သင်တန်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်း နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ စာရင်းကောက်ယူရေးဆိုင်ရာ အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းစဉ်အလိုက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းအောင်မြင်ရေးအတွက် ဌာနအလိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

          ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယခုလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက် ရမည့် နိုင်ငံတော်စီမံချက်တစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အားလုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တက်ကြွစွာ ပူးပေါင်းကူညီဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.