ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ လှည့်လည်ကြည့်ရှု၊ ခရီးသွားပြည်သူများအပေါ် ဆက်ဆံရေးပြေပြစ်ကောင်းမွန်စွာ ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးမှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ လှည့်လည်ကြည့်ရှု၊

ခရီးသွားပြည်သူများအပေါ် ဆက်ဆံရေးပြေပြစ်ကောင်းမွန်စွာ ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးမှာကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၄ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လေဆိပ်ဝန်းအတွင်းရှိ Yangon Aerodrome Company Ltd (YACL) အစည်း‌ အဝေးခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုတိယဌာနခွဲမှ ဝန်ထမ်းများအား တွေ့ဆုံရာ  ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုလတ်က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအင်အားအခြေအနေ၊ နိုင်ငံတကာ လေကြောင်းလိုင်းများ ဝင်ရောက်/ထွက်ခွာမှုနှင့် ပြည်တွင်း/ပြည်ပခရီးသွားများ ဝင်/ထွက်သွားလာမှုအခြေအနေ၊ ပြည်ပခရီးသွားများအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေမှုအခြေအနေ၊ ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှု အခြေအနေနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက လိုအပ် သည်များကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့ဝန်ကြီးဌာနမှ လေဆိပ်ဝန်ထမ်းများသည် နိုင်ငံသား/နိုင်ငံခြားသားများ ပြည်တွင်း၊ ပြည်ပသို့ တရားဝင် ဝင်ထွက်သွားလာမှု အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ရသကဲ့သို့ တရားမဝင် ဝင်ထွက်သွားလာမှုများကို တားဆီးကာကွယ်ရ မည့် နိုင်ငံ၏ တံခါးမှူးများဖြစ်ပါကြောင်း၊ ယခုအခါ မိမိနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိ သာသာကျဆင်းလာသည်နှင့်အမျှ ပြည်တွင်း/ပြည်ပခရီးသွားများ ဝင်ထွက်သွားလာမှုများပြား လာပါကြောင်း၊ နိုင်ငံတကာလေကြောင်းလိုင်းများလည်း တိုးချဲ့ပျံသန်းနေပြီဖြစ်သည့်အတွက် ခရီးသည်များ ဝင်/ထွက်သွားလာရာတွင် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို စနစ်တကျဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြားသော ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကာ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အလေးဂရုပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းတိုင်း ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင် ကျင့်ကြံ၍ နိုင်ငံတော်အပေါ်၊ ဝန်ကြီးဌာနအပေါ် သစ္စာစောင့်သိကြရန်လိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ခရီးသွားပြည်သူများအပေါ် ဆက်ဆံရေးပြေပြစ်ကောင်းမွန်စွာဖြင့် ဝန်ဆောင်မှုပေးရန် လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး လေဆိပ်ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ် သည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် Terminal-1 ရှိ ပြည်ပထွက်ခွာနေရာ၌ ပြည်ပနိုင်ငံအသီးသီးသို့ ထွက်ခွာကြမည့် ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးကောင်တာများ၌ ဝန်ထမ်းများက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ဌာန၏ Server ခန်းအတွင်း အချက်အလက်များ ထိန်းသိမ်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ပဆိုက်ရောက်နေရာ၌ နိုင်ငံတကာ လေကြောင်းလိုင်းအသီးသီးဖြင့် ဝင်ရောက်လာကြသည့် ခရီးသွားများအား လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၌ ဝန်ထမ်းများက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေမှု၊ ဆိုက်ရောက်ဗီဇာ (Visa On Arrival) ကောင်တာအခြေအနေ၊ ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.