ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟို ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) တက်ရောက်၊ မဲစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းအား ပြီးမြောက်အောင်မြင်သည်အထိ ဦးဆောင်မှု ပေး၍ စီမံဆောင်ရွက်ပေးကြရန်တိုက်တွန်း

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟို ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) တက်ရောက်၊

မဲစာရင်းမှန်ကန်ရေးအတွက်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းအား ပြီးမြောက်အောင်မြင်သည်အထိ ဦးဆောင်မှု ပေး၍ စီမံဆောင်ရွက်ပေးကြရန်တိုက်တွန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၃။

          လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်စာရင်းကောက်ယူရေးအဖွဲ့ များဖြင့် ဇန်နဝါရီလ (၉)ရက်မှ (၃၁)ရက်အထိ ရုံးပိတ်ရက်များမပါ ရက်ပေါင်း(၂၀)ကြာ ဆောင်ရွက် ခဲ့ပြီးဖြစ်ရာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃)ကို ဖေဖော်ဝါရီလ (၃)ရက်၊ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဝန်ကြီးဌာန အသီးသီးမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး ကြီးကြပ်မှု ဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယို ကွန်ဖရန့်ဖြင့်တက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် အရေးအကြီးဆုံးလုပ်ငန်းစဉ်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးအပ်နိုင်ရေး ကြိုးပမ်းဖော်ဆောင်လျက် ရှိပါကြောင်း၊ ယင်းကဲ့သို့ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် တိကျမှန်ကန်သော မဲဆန္ဒရှင် စာရင်းပြုစုနိုင်ရေးအတွက် အခြေခံကျသည့် လူဦးရေစာရင်းရရှိအောင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (Working Group) များ ဖွဲ့စည်းကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇန်နဝါရီလ (၉)ရက်မှ (၃၁)ရက်အထိ ရုံးပိတ်ရက်များမပါ ရက်ပေါင်း(၂၀)ကြာ ကောက်ယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ကောက်ယူရရှိသောလူဦးရေစာရင်း အချက်အလက် များအား တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်စိစစ် ဆောင်ရွက်နေသည့်ကာလဖြစ်ပါကြောင်း၊ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူမှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် e-ID Software တွင် ထည့်သွင်းပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းစုစုပေါင်း (၁၃ ဒဿမ ၅) သန်းကျော်ရှိရာ ယခုမြေပြင်ကွင်းဆင်း၍ လက်ရှိအိမ်ထောင်စုပုံစံဖြင့် တိုက်ဆိုင်စစ်ဆေး ကောက်ယူခဲ့သည့် အိမ်ထောင်စုပေါင်း (၁၁ ဒဿမ ၇)သန်းကျော်နှင့် အခြားဒေသမှ အိမ်ထောင်စုစာရင်းသာ ရှိသူများ၊ လက်ရှိအိမ်ထောင်စုစာရင်းမရှိသူများအား အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စုပေါင်း (၂ ဒဿမ ၈)သန်းကျော်ကို ကောက်ယူနိုင်ခဲ့ပါကြောင်းနှင့် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုပမာဏ (၈၆ ဒဿမ ၇)ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့ပါကြောင်း၊ အိမ်ထောင်စုပေါင်း (၁)သန်း (၇)သိန်းကျော် ကောက်ယူရန်ကျန်ရှိနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခဲ့သည့်ကာလအတွင်း ထူးခြားဖြစ်စဉ်စုစုပေါင်း (၂၆)ကြိမ်ဖြစ်ပွားခဲ့ပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုကို မလိုလား သည့် အကြမ်းဖက် အဖွဲ့များ၏ ခြိမ်းခြောက်မှုဖြစ်စဉ် အကြိမ်(၂၀)၊ နှောင့်ယှက်တိုက်ခိုက်မှုဖြစ်စဉ် (၂)ကြိမ်၊ ရုံးဌာန နှင့် အဆောက်အဦများအား မီးရှို့မှုဖြစ်စဉ် (၁၂)ကြိမ်ဖြစ်ပွားခဲ့ပါကြောင်း၊ ယင်းထူးခြားဖြစ်စဉ် များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြခဲ့ပြီးဖြစ်ပါ ကြောင်း၊ ကောက်ယူထားသည့် အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက် စာရွက်များကိုလည်း ပျောက်ဆုံး၊ ပျက်စီး၊ ဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျ ကြီးကြပ် ကြပ်မတ်၍ သိမ်းဆည်း ဆောင်ရွက်သွားကြရန်လည်းလိုအပ်ပါကြောင်း၊ ယခုအခါ မိမိတို့ဌာန၏ သက်ဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးများတွင် စာရင်းရေးသွင်းပြုစုပြီးဖြစ်သည့် e-ID Software နှင့် ချိတ်ဆက်ကာ မြေပြင် နှင့်ကွဲလွဲနေသည့် အချက်အလက်များ ဖြည့်သွင်းပြင်ဆင်သည့် လုပ်ငန်း ကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည်လည်း လုပ်ငန်းပမာဏကြီးမားသည့် အတွက် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ကွပ်ကဲစီစဉ် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင်လူဦးရေစာရင်းနှင့်အတူ ကောက်ယူခဲ့သည့် မသန်စွမ်း(၅)မျိုးစာရင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏ သက်ဆိုင်ရာခရိုင်ဦးစီးမှူးရုံးများသို့ လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်ပြီးစီးသည့် စာရင်းဇယား၊ အချက်အလက်များအပေါ် မူတည်၍ မဲပေးရန် အသက်ပြည့်မီသည့် မဲပေးပိုင်ခွင့်ရှိသူလူဦးရေကို ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ပေးပို့ ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ယင်းစာရင်းများအရ အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားကတ်အပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးမရရှိသေးသူများကို ယခုဆောင်ရွက်နေဆဲဖြစ်သည့် “ပန်းခင်း” စီမံချက်ဖြင့် ကတ်ပြားထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် စာရင်းကောက်ယူရန်ကျန်ရှိ နေသည့်ဒေသများကိုလည်း လိုအပ်သည့်လုံခြုံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များဖြည့်ဆည်းကာ နည်းမျိုးစုံအသုံးပြု၍ ဆက်လက်ကွင်းဆင်းကောက်ယူနိုင်ရေးနှင့် မြေပြင်ကွင်းဆင်းကောက်ယူ နိုင်ရေး လုပ်ငန်းစဉ်တစ်ခုလုံးကို လူဦးရေစာရင်းများ ထုတ်ပြန်နိုင်သည်အထိ ပြီးမြောက် အောင်မြင်စေရေးအတွက် ဦးဆောင်မှုပေး၍ အနီးကပ်ကြီးကြပ်ကွပ်ကဲ စီမံဆောင်ရွက်ပေးကြစေ လိုကြောင်း၊ နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက်များအပေါ် မလိုလားသူ အကြမ်းဖက်သမားများ ၏ နှောင့်ယှက်၊ ဟန့်တား၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ နည်းမျိုးစုံဖြင့် ဆောင်ရွက်မှုများရှိနေ သော်လည်း လုပ်ငန်းများ ပြီးမြောက်အောင်မြင်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ကော်မတီအသီးသီးမှအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများ အားလုံး အား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုအစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ကြီးကြပ်မှုဗဟိုကော်မတီမှ ဆောင်ရွက် ပေးရမည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

          ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက ပြည်ထောင်စု နယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူဦးရေစာရင်းမှန်ကန်စေရေး အတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့မှုနှင့် တွေ့ကြုံရသည့်အခက်အခဲများ၊ စာရင်း ကောက်ယူရန် ကျန်ရှိနေသည့်ဒေသများနှင့် ဆက်လက်ကွင်းဆင်းကောက်ယူသွားမည့် အစီအစဉ် များ၊ လဝကမြို့နယ်ဦးစီးမှူးရုံးများတွင် e-ID Software ဖြင့် အချက်အလက်များ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် ဗဟိုကော်မတီမှ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

          ဆက်လက်၍ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများ နှင့်တာဝန်ရှိသူများက လုပ်ငန်းအောင်မြင်ရေးအတွက် ဌာနအလိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားမည့်အစီအစဉ်များ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် နေရာဒေသအားလုံး အကြားအလပ်မရှိ ကွင်းဆင်းကောက်ယူဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းစဉ်တစ်ရပ်လုံး အောင်မြင်ရေးအတွက်  အားလုံးက တက်ညီလက်ညီဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.