ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မေးခွန်းပုံစံ ပြုစုနိုင်ရေးအတွက် အချက်အလက်အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်၊ နိုင်ငံတော်ကို အကျိုးပြုစေမည့်မေးခွန်းများဖြစ်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြု ကြရန်တိုက်တွန်း

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မေးခွန်းပုံစံ ပြုစုနိုင်ရေးအတွက် အချက်အလက်အသုံးပြုသူများ၏

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်၊ နိုင်ငံတော်ကို အကျိုးပြုစေမည့်မေးခွန်းများဖြစ်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြု ကြရန်တိုက်တွန်း

နေပြည်တော်၊ မတ် ၆ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်း ကောက်ယူခြင်း၊ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းစသည့် လုပ်ငန်းစဉ် (၄) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် မေးခွန်းပုံစံ ပြုစုရေးအတွက် အချက်အလက်အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို မတ်လ(၆)ရက်၊ ယနေ့ နံနက် (၁၀)နာရီက နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) MICC(2) ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက် အသုံးပြုသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာရှိကြီးများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူ များတက်ရောက်ကြသည်။

a

          အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ယခုအလုပ်ရုံဆွေးနွေးပွဲသည် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့်ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၌ အသုံး ပြုမည့် မေးခွန်းပုံစံ (မူကြမ်း) ပြုစုထားမှုအပေါ် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး ကြပြီး လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ပေးကြရန်ဖြစ်ပါကြောင်း၊ သို့မှသာ ပိုမိုပြည့်စုံသည့် မေးခွန်းပုံစံ တစ်ခုရရှိလာမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan –MSDP) ကို အကောင်အထည်ဖော်ဆောင်ရန်နှင့် The 2030 Agenda for Sustainable Development တို့အတွက် လိုအပ်နေသောအညွှန်းကိန်းများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အလားတူ မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများအပေါ် ကိုဗစ်-၁၉ ရောဂါ၏ ရိုက်ခတ်မှု နှင့် နောက်ဆက်တွဲအကျိုးဆက်များကိုလည်း သုံးသပ်သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာရာတွင် ယင်းနိုင်ငံ၏ လူမှုစီးပွားဆိုင်ရာစာရင်းအင်း အချက်အလက် များကို ဆန်းစစ်ခြင်းဖြင့် သိရှိနိုင်သည့်အတွက် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက် များ ရရှိနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက်အချိုးညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မူဝါဒများရေးဆွဲ ချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ခြင်းစသည့်  လုပ်ငန်းများ ဆောင်ရွက်ရာ တွင် အခြေခံအဖြစ် အသုံးပြုရသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို လူဦးရေ သန်းခေါင်စာရင်းများမှသာရရှိနိုင်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာရင်းအပြီး (၁၀) နှစ်အကြာ ၂၀၂၄ ခုနှစ်၊ နောက်တစ်ကြိမ်သန်းခေါင်စာရင်း ကောက်ယူရန် အချိန်ကျရောက် နေပြီဖြစ်ပါကြောင်း၊ ထို့ပြင် တိကျမှန်ကန်သည့် လူဦးရေနှင့်လူမှု စီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသအသေးငယ်ဆုံး အဆင့်အထိ ရရှိနိုင်ရန် လူဦးရေသန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တင်ပြခွင့်ပြုချက်ရယူ ခဲ့ပြီး ယင်းလုပ်ငန်းစဉ်ကို နိုင်ငံတော်၏ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်သတ်မှတ်၍ မိမိတို့ ဝန်ကြီးဌာနမှ အဓိကတာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း အချက်အလက်များအပေါ် အခြေခံကာ စာရင်းဇယားများပြုစု၍ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်/မြို့နယ်အဆင့်ထိ အစီရင်ခံစာ များ၊ အကြောင်းအရာအလိုက် လေ့လာဆန်းစစ်ထားသည့် အသေးစိတ်သုတေသနစာတမ်းများ၊ မူဝါဒဆိုင်ရာအကြံပြုချက်များ ထုတ်ပြန်ပေးနိုင်ခဲ့ပြီး ဖြစ်သကဲ့သို့ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းက ရရှိလာသည့် အချက်အလက်များကိုလည်း စာရင်းဇယားများပြုစုပြီး အစီရင်ခံစာများ ထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းမှရရှိခဲ့သည့် ကိန်းဂဏန်း၊ အချက်အလက်များအပေါ် အခြေခံ၍ ရှေ့လာမည့်နှစ်များအတွက် လူဦးရေခန့်မှန်း ခြင်းနှင့် ၂၀၁၄ ခုနှစ်မတိုင်မီကာလများရှိ လူဦးရေကို ပြန်လည်ခန့်မှန်းတွက်ချက်ခြင်း၊ လူဦးရေတိုးနှုန်းနှင့် လူဦးရေဆိုင်ရာအညွှန်းကိန်းများ တွက်ချက်ခြင်းတို့ကိုလည်း ဆောင်ရွက် ထားပြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒများ ချမှတ်နိုင်ရေးနှင့် လိုအပ်သည့်စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီး သို့ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ယခုဆောင်ရွက်မည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာ တွင် သန်းခေါင်စာရင်းရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ညသန်းခေါင်ယံ အချိန်ကို သတ်မှတ်ထားပြီး ရည်ညွှန်းချိန်၏ နောက်တစ်နေ့ဖြစ်သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှ အောက်တိုဘာလ (၁၅)ရက်အထိ (၁၅) ရက်ကြာ ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရာတွင် ခေတ်မီ၍ အချိန်ကုန်သက်သာစေမည့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူ သည့်စနစ်(Computer Assisted Personal Interviews-CAPI) ကိုအသုံးပြုပြီး စာရင်းကောက်များက မိမိတာဝန်ကျရာ ကောက်ကွက် အတွင်း အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း Mobile Tablet များဖြင့် ကောက်ယူသွားမည် ဖြစ်ပါကြောင်း၊ ယင်းနည်းလမ်းကို ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင် စာရင်းတွင်လည်း အသုံးပြု ခဲ့ရာ လုပ်ငန်းပမာဏနှင့်အချိန်ကို သိသာစွာ လျှော့ချနိုင်ခဲ့ကြောင်းကို တွေ့ရှိရပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို (၁-၁၀-၂၀၂၁)ရက်မှ (၃၁-၃-၂၀၂၆)ရက်အထိ လုပ်ငန်းစဉ် (၄)ရပ်ဖြင့်ဆောင်ရွက်ရာတွင် စုစုပေါင်း(၅၄)လခန့် ကြာမြင့်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်အလိုက် အောင်မြင်စွာ ဆောင်ရွက်ရန် ၂၀၁၃ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေအရ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှ ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သကဲ့သို့ ဗဟိုသန်းခေါင်စာရင်းကော်မတီနှင့် ကော်မတီအဆင့်ဆင့်ကိုလည်း ဆက်လက်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် တစ်ချိန်တည်းတစ်ပြိုင်တည်း ကောက်ယူရမည်ဖြစ်သည့်အတွက် သန်းခေါင်စာရင်းမေးခွန်း များသည် ကျစ်ကျစ်လစ်လစ်ဖြစ်ရန်လိုအပ်ပြီး မေးခွန်းပုံစံပြုစုရာတွင် လိုက်နာဆောင်ရွက်ရမည့် ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ဝေထားသည့် Principles and Recommendation for Population and Housing Census-Revision 3 နှင့်  အညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက်ရောက် လာသူများအနေဖြင့် မေးခွန်းအကြောင်းအရာများကိုဆွေးနွေးရာတွင် နိုင်ငံအတွင်းရှိ အချက်အလက် သုံးပြုမည့် ဌာန/အဖွဲ့အစည်းများ၏ လိုအပ်ချက်၊ နိုင်ငံတကာနှင့် နှိုင်းယှဉ်နိုင်မှုတို့ကို ဦးစားပေး အစီအစဉ်အလိုက် ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး မေးခွန်းအရေအတွက်ဖောင်းပွမှုမရှိစေရေး အလေးထားဆောင်ရွက် ကြစေလိုပါကြောင်း၊ အိမ်ထောင်စုတစ်စု စာရင်းကောက်ယူရန်ကြာချိန်၊ သန်းခေါင်စာရင်း ကောက်ယူရမည့်ကာလ ကန့်သတ်ချက်၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဘာသာ စကားအခက်အခဲ၊ မြေပြင်အနေအထားနှင့် အခြားမမျှော်မှန်းနိုင်သည့် အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း အတွေ့အကြုံ အရ ထိလွယ်ရှလွယ်သည့် မေးခွန်းများနှင့် ဖြေဆိုသူများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့် မေးခွန်းများကို မေးမြန်းရာ၌ အရည်အသွေးပြည့်ပြီး မှန်ကန်တိကျ သည့်အချက်အလက်များ ရရှိစေရေးနှင့် ဖြေဆိုသူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး မည်ကဲ့သို့ မေးမြန်းသင့်သည်ကို ထည့်သွင်းဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာသူများအနေဖြင့် ၂၀၂၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမေးမြန်းမည့် မေးခွန်းများသည် နိုင်ငံတော် အကျိုးပြုစေမည့် မေးခွန်း များဖြစ်စေရေး အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန်တိုက်တွန်း ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

b

          ယင်းနောက် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဉီးက အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်းမေးခွန်းပုံစံပါ Indicator များနှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြပြီး ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ပြုစုထားသည့် မေးခွန်းပုံစံများကို အပိုင်းအလိုက်ခွဲ၍ ရှင်းလင်းတင်ပြကြ သည်။

c

          မွန်းလွဲပိုင်းတွင် တက်ရောက်လာကြသည့် ဆက်စပ်ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သန်းခေါင်စာရင်းကောက်ယူရာတွင် ထည့်သွင်းအသုံးပြုမည့် မေးခွန်းပုံစံ များနှင့်ပတ်သက်၍ အဖွဲ့များခွဲကာ လိုအပ်ချက်များ၊ အကြံပြုသုံးသပ်ချက်များဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးကြပြီးနောက် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

d

 

Sorry, the comment form is closed at this time.