ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ၏ မဟာသင်္ကြန်အကြိုပွဲတော်တက်ရောက်၍ နှစ်သစ်ဆုတောင်းစကားပြောကြား၊ ဝန်ထမ်းများနှင့်အတူ ပျော်ရွှင်စွာအတာရေသဘင်ပွဲပါဝင်ဆင်နွှဲ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ၏ မဟာသင်္ကြန်အကြိုပွဲတော်တက်ရောက်၍

နှစ်သစ်ဆုတောင်းစကားပြောကြား၊ ဝန်ထမ်းများနှင့်အတူ ပျော်ရွှင်စွာအတာရေသဘင်ပွဲပါဝင်ဆင်နွှဲ

နေပြည်တော်၊ ဧပြီ ၇ ။

          ၂၀၂၃ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မဟာသင်္ကြန်အကြိုပွဲတော်ကို ဧပြီလ(၇)ရက် ယနေ့ ညနေ(၄)နာရီက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ စုံညီခန်းမဆောင်ကြီး၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ၎င်းတို့၏ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်္ကြန်ယိမ်း အကအဖွဲ့များ တက်ရောက်ကြသည်။

                                                                                                            IMG_6262

          အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာတို့၏ရိုးရာ အစဉ်အလာအရ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော် အခါသမယတွင် ဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစုများနှင့်အတူ အတာသင်္ကြန်ပွဲတော်ကျင်းပဆင်နွှဲနိုင်မှုအခြေအနေ၊ ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် ဌာန၏ရည်မှန်းချက်တာဝန်များကို စည်းလုံး ညီညွတ်စွာဖြင့် အောင်မြင်အောင်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယင်းကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ယခုမဟာသင်္ကြန်ကာလ၌ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုများဖြင့် မိမိတို့၏ပင်ပန်းနွမ်းနယ်မှုများအား အတာရေဖြင့် ပက်ဖျန်းကာ လန်းဆန်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြရေး၊ နောင်လာမည့် နှစ်သစ်တွင် နိုင်ငံတော်အတွက်ပေးအပ် သည့်တာဝန်များကို စွမ်းအားပြည့် အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြရေးနှင့် နှစ်သစ်တွင် ဝန်ထမ်းများအားလုံး ချမ်းမြေ့ပျော်ရွှင်စွာ နိုင်ငံ့အကျိုးသည်ပိုးနိုင်ရေးစသည်ဖြင့် နှစ်သစ်ဆုမွန် ကောင်းများဖြင့် အကျယ်တဝင့်ရှင်းလင်းအမှာစကားပြောကြားသည်။

                                                                                                                IMG_6290

          ယင်းနောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့်ကပြ၍အခမ်းအနား ကိုဖွင့်လှစ်ပေးရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာကြသူ များက ကြည့်ရှုအားပေးကြသည်။

          ဆက်လက်၍ ဝန်ထမ်းများနှင့် မိသားစုများက သင်္ကြန်သီချင်းများ၊ ယိမ်းအကအလှများ ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

                                                                                                             IMG_6365

                                                                                                             IMG_6782

          ထို့နောက် အတာသင်္ကြန်ပွဲတော်ကို ရုံးအဆောက်အဉီရှေ့၌ ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများအား ဝန်ကြီးရုံးနှင့် ဦးစီးဌာနများက စတုဒီသာစားသောက်ဖွယ်ရာ များကျွေးမွေးကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အတာရေဖြင့် ပက်ဖျန်း၍ ပျော်ရွှင်စွာ ရေသဘင်ပွဲဆင်နွှဲကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများလည်း ကြည့်ရှုအားပေးပြီး အတာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.