ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ (၂၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်၊ ဌာန၏ ရည်မှန်းချက်တာဝန်များကို စည်းလုံးညီညွတ်စွာဖြင့် ကျရာကဏ္ဍက ကြိုးပမ်း ထမ်းရွက်ကြရန် တိုက်တွန်းပြောကြာ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ (၂၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်၊ ဌာန၏ ရည်မှန်းချက်တာဝန်များကို

စည်းလုံးညီညွတ်စွာဖြင့်ကျရာကဏ္ဍက ကြိုးပမ်း ထမ်းရွက်ကြရန် တိုက်တွန်းပြောကြား

နေပြည်တော်၊ ဇွန် ၁၆ ။

          ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဇွန်လ (၁၆) ရက်၊ ယနေ့တွင် နေပြည်တော် ရှိ အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ အခမ်းအနားပထမပိုင်းအဖြစ် နံနက် (၅) နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံကျောင်းတိုက်ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္တန္တကေသရိန္ဒ အမှူးပြုသော ပင့်သံဃာဆရာတော် (၅) ပါး ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြည်ညို ကြသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္တန္တကေသရိန္ဒ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာ ဆရာတော်များထံမှ ပရိတ်တရားတော်များ နာကြားကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေကြပြီးနောက် ဆရာတော်ကြီးများအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

          အခမ်းအနား ဒုတိယပိုင်းကို နံနက် (၉) နာရီတွင် ဝန်ကြီးဌာနစုံညီခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန၏ ဖြစ်တည်မှုသည် နိုင်ငံ၏ သမိုင်းကြောင်းနှင့် ဆက်စပ်ဖြစ်တည်နေသည်ကို တွေ့ရမှာဖြစ်ပြီး မိမိတို့ နိုင်ငံ ကိုလိုနီလက်အောက် ကျရာက်စဉ်က နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်နေထိုင်ကြရာမှာ ယင်းနိုင်ငံခြားသားများကို အင်္ဂလိပ်တို့က ထိန်းချုပ်နိုင်ရန် ကြိုးစား ကြရင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်သည့်ဌာနများ၊ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့်ဌာနများ စသည်ဖြင့် ဖွဲ့စည်းခဲ့သည်ကိုတွေ့ရပါကြောင်း၊ ယင်းဌာနများကို နိုင်ငံ၏လိုအပ်ချက်အရ အဆင့်ဆင့် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့ရာမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် ၁၉၉၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်မှာ ဖွဲ့စည်းခဲ့ခြင်းကြောင့် ယင်းနေ့ကို မိမိတို့ဝန်ကြီးဌာန၏ မွေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ဝန်ကြီးဌာနသည် (၂၈) နှစ်တိုင်ရှိပြီဖြစ်သည့်အတွက် ယခုကဲ့သို့ နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် စတင်ဖွဲ့စည်းစဉ်ကပင် ဌာနရဲ့ အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနျင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊ ပြည်သူ့အင်အားစာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းဆိုသည့် လုပ်ငန်းတာဝန် (၃) ရပ်ကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန် မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယင်းလုပ်ငန်းတာဝန်များကို အကောင် အထည်ဖော်ရာတွင် ခေတ်စနစ်နှင့်အညီ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးအတွက် အဆင့်မြှင့်တင်ခြင်းကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဌာနရဲ့ဝန်ထမ်းများသည် နိုင်ငံ၏ မြေပြင်၊ ရေပြင်၊ ဝေဟင် စသည့် နိုင်ငံပိုင်နက်အားလုံးတွင် မည်သူမဆို တရားမဝင် ဝင်/ထွက် သွားလာမှုမရှိစေရေး၊ တရားဝင် ဝင်/ထွက်မှု စနစ်တကျဖြစ်စေရေးအတွက် ကြီးကြပ် စစ်ဆေးခွင့်ပြုဆောင်ရွက်ပေးခြင်း၊ နိုင်ငံအတွင်းနေထိုင်သူအားလုံး စနစ်တကျမှတ်ပုံတင်ပြီး နိုင်ငံသားဖြစ်မှုဆိုင်ရာ အထောက်အထားများ စိစစ်ထုတ်ပေးခွင့်ပြုပေးခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းများ ရေးဆွဲနိုင်ရန် တိကျမှန်ကန်သည့် လူဦးရေကိန်းဂဏန်း အချက်အလက်များ ရရှိစေရေးအတွက် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံ၏ e-Government စနစ်အတွက် အဓိကအခြေခံ အကျဆုံးဖြစ်သည့် e-ID စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များကို ကြိုးပမ်းထမ်းဆောင်နေသည့် နိုင်ငံ၏ တံခါးမှူးများဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းအားလုံးသည် နိုင်ငံနှင့်ပြည်သူအတွက် မဖြစ်မနေ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ ဖြစ်ခြင်းကြောင့် စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်ပေးနိုင်လျှင် အားလုံး၏ ချစ်ကြည်လေးစား၊ အားထားယုံကြည်မှုကို ရရှိခံစားကြရမှာဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းတိုင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရခြင်းကြောင့် ဝန်ထမ်းတိုင်း သစ္စာရှိကြရန်နှင့် ဌာနကို လည်း သစ္စာတရားနှင့် တည်ဆောက်ကြရန်လိုအပ်ပါကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ် ဖြစ်သည်နှင့်အညီ ဝန်ထမ်းတိုင်း IT နည်းပညာကို နားလည်တတ်ကျွမ်းစေရေးအတွက် အစဉ် လေ့လာသင်ယူရင်း ပြည်သူအပေါ် ဆက်ဆံရေးပြေပြစ်ပြီး ယဉ်ကျေးပျူငှာစွာဖြင့် ထိရောက်သော ဝန်ဆောင်မှုများပေးကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဌာန၏ဖြစ်တည်မှု သမိုင်းကြောင်းများကို ဝန်ထမ်းတိုင်း လေ့လာသိရှိနားလည်၍ ဌာန၏ မွေးနေ့၊ နှစ်ပတ်လည်နေ့ကို အမြဲသတိတရရှိစေရန်၊ ဌာန၏ အဓိကလုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်တာဝန်များကို သိရှိနားလည်ပြီး ဂုဏ်ယူဝင့်ကြွားစွာ တာဝန်ထမ်းဆောင်နိုင်စေရန်၊ ဌာန၏ ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်း သယ်ဆောင်ရင်း နိုင်ငံနှင့်ပြည်သူကို သစ္စာရှိရှိ အလုပ်အကျွေးပြု ဝန်ဆောင်မှုပေးနိုင်ရန်၊ ဝန်ထမ်းအချင်းချင်း အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် စည်းလုံး ညီညွတ်မှုရှိစေရန်၊ တစ်နှစ်တာတာဝန်ထမ်းဆောင်ရာတွင် ပင်ပန်းမှုများပြေပျောက်ပြီး အားသစ်အင်သစ်များဖြင့် ကျရာတာဝန်များကို ဦးလည်မသုန်ထမ်းနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဌာန၏မွေးနေ့၊ နှစ်ပတ်လည်နေ့ကို အလေးအမြတ်ပြုကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဌာန၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ရည်မှန်းချက်တာဝန်များကို စည်းလုံးညီညွတ်မှုအား၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကျရာကဏ္ဍက ကြိုးပမ်းထမ်းရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

IMG_2766
IMG_2727
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းမိသားစုများ၏ သားသမီးများအား ဂုဏ်ပြုငွေ နှင့် ဂုဏ်ပြုလွှာများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်အထိ ရုံးတက်မှန်ဆုရရှိကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုငွေ နှင့် ဂုဏ်ပြုလွှာများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က  ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နှင့် (အောက်မြန်မာပြည်) တို့တွင် ဖွင့်လှစ်ခဲ့သော သင်တန်းများနှင့် အခြားသောဝန်ကြီးဌာနများတွင် ဖွင့်လှစ်ခဲ့သော သင်တန်းများ၌ ထူးချွန်ဆုရရှိကြ သည့် ဝန်ထမ်းများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့် ကြသည်။

          ဆက်လက်၍ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများကို အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်က ဌာနအလိုက် ကိုယ်စားလှယ် ကျောင်းသားကျောင်းသူများထံ အသီးသီးပေးအပ်သည်။

2
IMG_3376

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုရရှိကြသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကြပြီးနောက် ဝန်ထမ်းများအား ကံစမ်းမဲဖောက်ခြင်း နှင့် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်းတို့ဆောင်ရွက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.