ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြစ်ကြီးနားမြို့နယ်အတွင်း e-ID စနစ်လုပ်ငန်းအတွက် ဝန်ထမ်း များနှင့် မိသားစုများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူနေမှု လှည့်လည်ကြည့်ရှု အားပေး၊ ပြည်နယ်/ခရိုင်/မြို့နယ် များမှ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းများအောင်မြင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြစ်ကြီးနားမြို့နယ်အတွင်း e-ID စနစ်လုပ်ငန်းအတွက် ဝန်ထမ်းများနှင့် မိသားစုများ၏ ကိုယ်ရေးအချက်အလက်များကောက်ယူနေမှု

လှည့်လည်ကြည့်ရှုအားပေး၊ ပြည်နယ်/ခရိုင်/မြို့နယ် များမှ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းများအောင်မြင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်မှာကြား

နေပြည်တော်၊   ဇူလိုင်  ၀၃ ။

          e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင် သည် အီလတ်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း နှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၃) ရက် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်သို့ သွားရောက်၍ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက တက္ကသိုလ်မှ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်မိသားစုများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များအား ကိုယ်ရေးအချက်အလက်(Biographic) နှင့် ဇီဝအချက်အလက်(Biometric) ကောက်ယူ နေမှုကို လှည့်လည်ကြည့်ရှုကာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူ များ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆရာဆရာမများနှင့် လာရောက်ဆောင်ရွက်ကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

rsz_1img_5198rsz_1img_4604

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ e-ID ကွန်ပျူတာခန်းမအတွင်း ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် အိမ်ထောင်စုစာရင်းများနှင့် ရုံးလက်ခံ အိမ်ထောင်စုစာရင်းပါအချက်အလက်များ မှန်ကန်မှုရှိ၊ မရှိ တိုက်ဆိုင်စိစစ်ပြီးဖြစ်သော အချက် အလက်များအား နေပြည်တော်(ရုံးချုပ်) ရှိ e-ID Sever မှ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၊ ပြင်ဆင်အတည်ပြု ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ အချက် အလက်များ မှန်ကန်စေရေးနှင့် မိမိတို့ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ (၃) ပွင့်ဆိုင် အတည်ပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဦးစီးမှူးရုံး ပန်းခင်းခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများအားတွေ့ဆုံရာ ရှေးဦးစွာ ပြည်နယ်ဦးစီးမှူး ဦးဝင်းရဲထွန်း က ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူခဲ့မှု၊ မြို့နယ်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း ဆိုင်ရာအချက်အလက်များအား e-ID Sever ဖြင့် တိုက်ဆိုင်စိစစ် ပြင်ဆင်အတည်ပြု ဆောင်ရွက်နေမှုနှင့် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ တည်နေရာ Point များ‌ ကောက်ယူပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။

rsz_img_5029 rsz_img_5147
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးပြီး အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းများသည် နိုင်ငံနှင့် ပြည်သူအတွက် အရေးပါသည့်လုပ်ငန်းများဖြစ်ပြီး ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစု နိုင်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေစာရင်းရရှိရန် မိမိတို့ဌာနမှ ဦးဆောင်ကာ ဌာနဆိုင်ရာများ ပူးပေါင်းကူညီမှုဖြင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းစာရင်းများအား မိမိတို့မြို့နယ်ရုံး လက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်ကာ ယခုအခါ နေပြည်တော်ရုံးချုပ်ရှိ e-ID Sever မှ မှတ်တမ်း အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းအချက်အလက်များကို အခြေခံကာ နိုင်ငံတော်၏ e-Government စနစ် အတွက် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ် အကောင်အထည်ဖော်ရန် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝအချက်အလက် (Biometric) များ ကောက်ယူ သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါ (Unique ID) နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့်ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြို့နယ်အသီးသီး၌ GIS  နည်းပညာအသုံးပြုရန် မြေပုံ ရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ရပ်ကွက်/ ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် ခဲ့ပါကြောင်း၊ ယခုအခါ သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲခြင်းကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စီမံချက်ရေးဆွဲကာ ၂၀၂၃ ခုနှစ်၊ မေလ မှ အောက်တိုဘာလ အထိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းအားလုံးသည် နိုင်ငံတော်အတွက်အရေးကြီးပြီး မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဖြစ်သည့်အပြင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန် လိုအပ် ပါကြောင်း၊ ယင်းကဲ့သို့ ကန့်သတ်ချက် အခက်အခဲအမျိုးမျိုးကြားမှ လုပ်ငန်းများအောင်မြင်အောင် ဝန်ထမ်းအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ လုပ်ငန်းလိုအပ် ချက်များကိုလည်း အချိန်မီ အဆင့်ဆင့်တင်ပြကြရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၌ ဝန်ထမ်း များက GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲနိုင်ရန် လိုအပ်သော ရပ်ကွက်၊ ကျေးရွာ Point များ ကောက်ယူနေမှုကို ကြည့်ရှုအားပေးပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့်အတူ တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ မြို့နယ်ရုံးဝန်ထမ်းများက တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား  ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝအချက်အလက် (Biometric) ကောက်ယူ၍ Unique ID ထုတ်ပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှု အားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။ ( – )

 

 

 

 

 

 

Sorry, the comment form is closed at this time.