ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့ရှိ UIDAI ၏ နည်းပညာဗဟိုဌာန (ဘန်ဂလော) နှင့် IIIT Bangalore သို့ သွားရောက်၍ Aadhaar စနစ်နှင့် MOSIP စနစ်တို့၏ နည်းပညာဆိုင်ရာများ လေ့လာညှိနှိုင်းဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့ရှိ UIDAI ၏ နည်းပညာဗဟိုဌာန (ဘန်ဂလော) နှင့် IIIT Bangalore သို့ သွားရောက်၍

Aadhaar စနစ်နှင့် MOSIP စနစ်တို့၏ နည်းပညာဆိုင်ရာများ လေ့လာညှိနှိုင်းဆွေးနွေး

 နေပြည်တော်၊ ဇူလိုင်  ၂၉ ။

          အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ဇူလိုင်လ (၂၈)ရက် နံနက်ပိုင်းတွင် ဘန်ဂလောမြို့ရှိ UIDAI ၏ နည်းပညာဗဟိုဌာနသို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး အစည်းအဝေးခန်းမ၌ UIDAI မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Annie Joyce က လာရောက်လေ့လာမှုအတွက် ကြိုဆို ပါကြောင်းနှင့် Aadhaarစနစ်၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားမည်ဖြစ်ပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Tanusree Deb Barma နှင့် လုပ်ငန်းတာဝန်ခံများက နည်းပညာဗဟိုဌာန (ဘန်ဂလော)တွင် UIDAI ၏ Aadhaar စနစ်ဖြင့်  နည်းပညာဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှု၊ Aadhaar စနစ်နှင့်ပတ်သက်၍ အချက်အလက်များ ထည့်သွင်းခြင်းနှင့် အထောက်အထားစိစစ်ခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်တိုးတက်စေရေး အတွက် ဆောင်ရွက်နေမှုအခြေအနေ၊ Aadhaar စနစ်၏ အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ နည်းပညာဗဟိုဌာနမှ စစ်ဆေးအကဲဖြတ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နည်းပညာဗဟိုဌာန၏ Network Operation Center (NOC) အတွင်း Aadhaar စနစ်အား ၂၄ နာရီ ကွပ်ကဲထိန်းချုပ်မှု လက်တွေ့ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ လုပ်ငန်းတာဝန်ခံများက လိုက်လံရှင်းလင်းပြသကြသည်။

IMG_5382 (1)

          ထို့နောက် အစည်းအဝေးခန်းမ၌ လုပ်ငန်းဆောင်ရွက် ချက်များနှင့်ပတ်သက်၍ သိရှိလိုသည် များကို ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ပြန်လည်မေးမြန်း ဆွေနွေးကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရ  လက်ဆောင်ပစ္စည်းများကို အပြန်အလှန်ပေးအပ်ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘန်ဂလောမြို့၏ Electronic City ရှိ International Institute of Information Technology Bangalore (IIIT-B) သို့ရောက်ရှိရာ  Professor. Debabrata Das က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လာရောက်လေ့လာဆွေးနွေးခွင့်ရသည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

IMG_5358 IMG_5415

ထို့နောက်တာဝန်ရှိသူများက IIIT-B တည်ထောင်ထားရှိမှုနှင့် မြန်မာနိုင်ငံတွင်လည်း မြန်မာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ Modular Open Source Identity Platform (MOSIP) နည်းပညာဆိုင်ရာများအား နိုင်ငံအချို့နှင့် ချိတ်ဆက် ပံ့ပိုးကူညီဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ e-ID စနစ်လုပ်ငန်းတွင် နှစ်နိုင်ငံအစိုးရ အချင်းချင်းပူးပေါင်းဆောင်ရွက်ရာ၌ ပံ့ပိုးကူညီပေးနိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြ သည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ဘန်ဂလောလေဆိပ်မှတဆင့် ချန်နိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြည်တွင်း လေကြောင်းလိုင်းဖြင့် ထွက်ခွာ၍ ချန်နိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေပိုင်းတွင်ပြန်လည်ရောက်ရှိကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.