ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်နိုင်ငံ လဲ့ယွင်းဂန်မြို့၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံး ဆိုင်ရာပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့တက်ရောက်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဌာနဝန်ကြီးနှင့် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် နိုင်ရေးဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်နိုင်ငံ လဲ့ယွင်းဂန်မြို့၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံး ဆိုင်ရာပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့တက်ရောက်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဌာနဝန်ကြီးနှင့် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် နိုင်ရေးဆွေးနွေး။

နေပြည်တော်၊ စက်တင်ဘာ ၂၁။

          တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် စက်တင်ဘာလ ၂၀ ရက် နံနက် ၉ နာရီတွင် ကျန်းစုပြည်နယ်၊ လဲ့ယွင်းဂန်(Lianyungang)မြို့၊ Lianyung New City Hotel ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာပြည်သူ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (The 2023 Conference of Global Public Security Cooperation Forum) ဖွင့်ပွဲသို့တက်ရောက်သည်။

          အဆိုပါဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း (၅၀) ကျော်မှ လုံခြုံရေးဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr. Wang Xiaohong တက်ရောက်အဖွင့် အမှာစကားပြောကြား၍ တက်ရောက်လာကြသည့် နိုင်ငံအချို့နှင့် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည့်နိုင်ငံအချို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်အမှာစကား အသီးသီးပြောကြားကြသည်။

IMG_7603

          ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်အား ဟိုတယ်ဧည့်ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Mr. Wang Xiaohong ကလက်ခံတွေ့ဆုံသည်။

IMG_7595

          ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီးက တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နှစ်ကာလရှည်ကြာစွာ ချစ်ကြည်ရင်းနှီးစွာဖြင့် ဆက်ဆံဆောင် ရွက်ခဲ့မှုအခြေအနေ၊ နှစ်နိုင်ငံနယ်နမိတ်အတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံ ပြည်သူများ အပြန်အလှန်ကူးလူးဆက်ဆံသွားလာနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်မှ တရားမဝင် ဝင်/ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် Online Game ဖြင့်လောင်းကစားမှုများ မရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက် နိုင်ရေးအခြေအနေ၊ တရုတ်-မြန်မာ-ထိုင်း-လာအို(၄)နိုင်ငံ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် မှုခင်း များ၊လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ငွေကြေးလိမ်လည်မှုများအား ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် အောင်မြင်မှုအခြေအနေများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် နိုင်ရေးအခြေအနေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည့်အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

IMG_7593

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် အဖြစ် နှစ်ပေါင်းရှည်ကြာစွာ ချစ်ကြည်ရင်းနှီးခဲ့မှုနှင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား မြန်မာ နိုင်ငံအနေဖြင့် အသိအမှတ်ပြုထောက်ခံမှုအခြေအနေ၊ တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ ၏အရေးကိစ္စများတွင် အိမ်နီးချင်းကောင်းပီသစွာ ရပ်တည်ကူညီဆောင်ရွက်ပေးမှုများအပေါ် ကျေးဇူးတင်ရှိမှုအခြေအနေ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်တွင် လက်နက်ကိုင်အကြမ်းဖက်များ ရှိရာဒေသ၌ တရားမဝင်လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ယင်းဒေသများသို့ တရားမဝင်ရောက် ရှိနေသည့် တရုတ်နိုင်ငံသားများအပါအဝင် အခြားနိုင်ငံအချို့မှ နိုင်ငံခြားသားများအား ရှာဖွေဖော်ထုတ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ရှာဖွေကယ်ဆယ် ခဲ့သည့် တရုတ်နိုင်ငံသားများအား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေ့ရှု၍ အရေးယူခြင်းမရှိဘဲ ပြန်လည်စေလွှတ်ပေးမှုအခြေအနေ၊ တရုတ်နိုင်ငံ၌ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသားများကိုလည်း ပြစ်ဒဏ်လျော့ပေါ့၍ ပြန်လည်စေလွှတ်ပေးနိုင်ရေးအခြေအနေ၊ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်-ရွှေလီ ဝင်ထွက်ဂိတ်မှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ မြန်မာနှင့် တရုတ်နိုင်ငံသားများ အပြန်အလှန် ဝင်ထွက်ခွင့်ပြုရေး စီစဉ်ဆောင်ရွက်နေမှုအခြေ အနေ၊ နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်း များ၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီးနောက် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.