ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ရွှေလီနှင့်မူဆယ် နယ်စပ် စစ်ဆေးရေးဂိတ်များအား လှည့်လည်ကြည့်ရှု၊ နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်ထွက်သွားလာမှု အဆင်ပြေစေရေးအတွက် တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ရွှေလီနှင့်မူဆယ် နယ်စပ် စစ်ဆေးရေးဂိတ်များအား လှည့်လည်ကြည့်ရှု၊ နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်ထွက်သွားလာမှု အဆင်ပြေစေရေးအတွက် တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး။

နေပြည်တော်၊ စက်တင်ဘာ ၂၄။

          တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming၊ ယူနန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူး Mr. Jia Dong နှင့် တာဝန် ရှိသူများနှင့်အတူ စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၇ နာရီခွဲတွင် ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယူနန်ပြည်နယ် မန်စီမြို့သို့ လေကြောင်းခရီးဖြင့်ထွက်ခွာကြပြီး ထိုမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ရွှေလီမြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ တရုတ်နိုင်ငံဘက်ခြမ်းရှိ ကြယ်ဂေါင် လူဝင်မှုစစ်ဆေးဂိတ်သို့ရောက်ရှိကြရာ ရွှေလီမြို့တော်ဝန်နှင့် လူဝင်မှုကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရွှေလီလူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ခံ က ရွှေလီနယ်စပ်ဂိတ် ဖွင့်လှစ်ခဲ့မှုသမိုင်းကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများ နယ်စပ် ဖြတ်ကျော် ဝင်ထွက်သွားလာမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံဘက်ရှိ မူဆယ်မြို့ ရွှေနန်းတော် လူဝင်မှုစစ်ဆေးရေးဂိတ်သို့ ရောက်ရှိကြရာ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြသည်။

IMG_8111

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေနန်းတော်ဂိတ်၌ ဝန်ထမ်းများက ပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass – BP) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (Temporary Border Pass – TBP) တို့ဖြင့် တရုတ်နိုင်ငံဘက်သို့ ဝင်ထွက်သွားလာ နိုင်ရေးအတွက် စိစစ်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

IMG_7990

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရွှေနန်းတော်ဂိတ် အစည်းအဝေးခန်းမ၌ မူဆယ်ခရိုင်အုပ်ချုပ်ရေး ဦးအောင်ဇော်မိုးက မူဆယ်ဒေသတွင်းအခြေအနေနှင့် နယ်စပ်ဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မှု မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများ ရွှေနန်းတော်၊ ဆင်ဖြူ၊ မန့်ဝိန်း စစ်ဆေးရေးဂိတ်များမှ အပြန်အလှန်ကူးလူးဆက်သွယ်သွားလာနေမှုနှင့် ယာဉ်ကြီးယာဉ်ငယ်များ ဖြင့် ကုန်စည်စီးဆင်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက မူဆယ်ခရိုင်အတွင်းရှိ မြန်မာ- တရုတ် နယ်စပ်ဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေ၊ နှစ်နိုင်ငံပြည်သူများ ရွှေနန်းတော်၊ ဆင်ဖြူ၊ မန့်ဝိန်း စစ်ဆေးရေးဂိတ်များမှ နေ့စဉ်ဝင်ထွက်သွားလာမှုအခြေအနေ၊ နှစ်နိုင်ငံပြည်သူ များအား ယာယီဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ၁-၉-၂၀၂၃ ရက်မှစ၍ ခွင့်ပြုဆောင်ရွက်ပေး နေမှုအခြေအနေများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံနိုင်ငံသားများအား နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဝင်ထွက်ခွင့်ပြုနိုင်ရေးအတွက် ကွန်ပျူတာနှင့် စက်ကိရိယာ ပစ္စည်းများစီစဉ် ဆောင်ရွက် ထားရှိမှု၊ နှစ်နိုင်ငံပြည်သူများဝင်ထွက်သွားလာရာတွင် အဆင်ပြေ မြန်ဆန်စေရေးအတွက် လိုအပ်ချက်များကို တရုတ်နိုင်ငံ ရွှေလီလူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများအား ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

IMG_8028

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မူဆယ်ဒေသရှိ လူဝင်မှုစိစစ်ရေးဂိတ်များသည် မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အရေးပါသည့်ဂိတ်များဖြစ်ပါကြောင်း၊ နှစ်နိုင်ငံနယ်စပ်နေပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (BP) ဖြင့်သာ ဖြတ်သန်းခွင့်ပြုခဲ့ရာမှ နိုင်ငံတွင်း ဒေသအသီးသီးမှ ပြည်သူများအတွက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)ဖြင့်ပါ ခွင့်ပြုပေးလျက်ရှိရာ၊ နယ်စပ်ဂိတ်များမှ ပြည်သူများဝင်ထွက်မှု ပိုမိုများပြားလာပါကြောင်း၊ ထို့အပြင် မကြာမီကာလ၌ မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံသားများအား နိုင်ငံကူးလက်မှတ် (Passport) ဖြင့်ပါ ဝင်ထွက်သွားလာနိုင်တော့ မည်ဖြစ်သည့်အတွက် လုပ်ငန်းများအဆင်ပြေစွာဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ပါကြောင်း၊ လိုအပ်သောဝန်ထမ်းအင်အား၊ စက်ကိရိယာပစ္စည်းများကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ထားရှိရန်နှင့် လုံခြုံရေးကိုလည်း အထူးအလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတွင်းသို့ ဝင်ခွင့်မပြုသူများ ဝင်ရောက်မလာစေရေးနှင့် နိုင်ငံပြင်ပသို့ ထွက်ခွာခွင့်မရှိသူများ ထွက်ခွာခွင့်မပြုရေး အလေးဂရုပြု ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ နှစ်နိုင်ငံပြည်သူများ နယ်စပ်ဂိတ်များမှ တရားဝင် ဝင်ထွက်သွားလာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူများအပေါ် ဆက်ဆံရေပြေပြစ်ကောင်းမွန်ကြရန်နှင့် ဥပဒေလုပ်ထုံးလုပ်နည်း သိရှိနားလည်ထားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်ရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်နှင့် အခက်အခဲများရှိပါက အချိန်နှစ်တစ်ပြေးညီ တင်ပြရန်လိုကြောင်းဖြင့် ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

IMG_8001

          ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ တို့မှ နိုင်ငံသားများအား နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဝင်ထွက်သွားလာနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ရွှေလီမြို့ မုန်းမော်ဟန့်ဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်ဧည့်ခန်းမ၌ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ်၊ ယူနန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူးနှင့် ရွှေလီမြို့တော်ဝန်တို့အားတွေ့ဆုံကာ နှစ်နိုင်ငံ နယ်စပ်လူဝင်မှုစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေ၊ ပြည်သူများဝင်ထွက် သွားလာနိုင်ရေးနှင့် နယ်စပ်စစ်ဆေးရေးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် နယ်စပ်ဂိတ် များ၌ လိုအပ်ချက်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ ကုန်တင်ယာဉ်ကြီး ယာဉ်မောင်းများ ဝင်ထွက် သွားလာမှုအဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ် ချက်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံသားများ နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဝင်ထွက်သွားလာရာတွင် အဆင်ပြေစေရေးနှင့် လုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက် ပေးရန် လိုအပ်ချက်များကို ရင်းနှီး ပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.