ဗီယက်နမ်နိုင်ငံ၏ ဗီဇာဖြေလျှော့မည့်ကိစ္စ ဖော်ပြခြင်း

ဗီယက်နမ်နိုင်ငံ၏ ဗီဇာဖြေလျှော့မည့်ကိစ္စ ဖော်ပြခြင်း

၁။      ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ဝင်/ထွက်ခွင့်ဗီဇာများ၊ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်များနှင့် နိုင်ငံ ၁၃ နိုင်ငံအတွက် Unilateral visa exemption ပြန်လည်စတင်တော့ မည့်ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာသံရုံး၊ ဟနွိင်းမြို့မှ အောက်ပါအတိုင်း အကြောင်းကြား ပေးပို့လာ ပါသည်။

  • ဗီယက်နမ်နိုင်ငံနှင့် နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီထားသည့် နိုင်ငံများမှ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ မူဝါဒများကိုလည်း ပြန်လည်စတင်တော့မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအပါအဝင် (၈၇) နိုင်ငံ၏ စာရင်းအား lanhsuvietnam.gov.vm တွင် အသေးစိတ်ကြည့်ရှုနိုင်ပါကြောင်း၊
  • ထိုအတူ ဗီယက်နမ်နိုင်ငံအတွင်းသို ဝင်ရောက်သည့်နေ့မှ ၁၅ ရက်ကြာ ရောက်ရှိ နေထိုင်လျက်ရှိသည့် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဗြိတိန်နှင့် အိုင်ယာလန်မြောက်ပိုင်း၊ ရုရှား၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်နှင့် ဘယ်လာရုစ်နိုင်ငံ စုစုပေါင်း (၁၃) နိုင်ငံတို့မှ နိုင်ငံသားများ အတွက် Unilateral visa exemption ကို ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်မှစ၍ ပြန်လည်စတင်တော့မည်ဖြစ်ပြီး ၃ နှစ်ကြာမြင့်မည်ဖြစ်ပါကြောင်း၊
  • ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ၂ နှစ်ကြာ ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသဖြင့် နိုင်ငံတွင်းသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လာရောက်ခြင်းကို ဆွဲဆောင်နိုင်ရန်အတွက် ကာကွယ်ဆေးလွှမ်းခြုံမှုနှုန်း မြင့်မား သည့် ဗီယမ်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ စည်းမျဉ်းများ လျှော့ပေါ့ပေးခြင်းနှင့် ကပ်ရောဂါ မတိုင်မီ ဗီဇာမူဝါဒများ ပြန်လည်စတင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညှိနှိုင်းတင်ပြလာမှုနှင့် စပ်လျဉ်း၍ ပြည်ဝင်ဗီဇာလိုအပ်ချက်အား လျှော့ပေါ့ပေးခြင်း ဖြစ်ကြောင်း၊
  • ဗီယက်နမ်နိုင်ငံသည် ၁၅-၃-၂၀၂၂ ရက်နေ့မှစတင်၍ နိုင်ငံတကာစာချုပ်များနှင့်အညီ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုများမတိုင် မီက ဆောင်ရွက်ခဲ့သည့်ပြည်ဝင်ခွင့်မူဝါဒများအတိုင်း နိုင်ငံခြားသားများအတွက် ဗီဇာ ကင်းလွတ်ခွင့်၊ ပြည်ဝင်/ပြည်ထွက်ခွင့်၊ ဖြတ်သန်းသွားလာခွင့်နှင့် နေထိုင်ခွင့် များကို ပြန်လည်စတင်ပါကြောင်း၊
  • ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်လာသူများသည် ကျန်းမာရေးဝန်ကြီးဌာနမှ ၁၆-၁၂-၂၀၂၁ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ထားသည့် 10688/ BYT-MT ပါ လမ်းညွှန်ချက် များကို လိုက်နာရမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံ၌ နေထိုင်စဉ်အတွင်း ကျန်းမာရေးဆိုင်ရာကြေညာချက် အပလီကေးရှင်း PC-COVID အားထည့်သွင်း အသုံးပြုရမည်ဖြစ်ကြောင်း၊
  • ဗီယက်နမ်နိုင်ငံအတွင်းသို့ လေကြောင်းမှ ဝင်ရောက်လာမည့်သူများသည် လေယာဉ် ပေါ်မတက်မီ ၇၂နာရီအတွင်း RT-PCR test ဖြင့် စစ်ဆေးထားသည့် ကိုဗစ်-၁၉ ကင်းရှင်းကြောင်းအထောက်အထား သို့မဟုတ် လေယာဉ်ပေါ်မတက်မီ ၂၄ နာရီအတွင်း rapid antigen test ဖြင့် စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း အထောက်အထားပြသရန် လိုအပ်မည်ဖြစ်ကြောင်း၊
  • ကုန်းလမ်း၊ ရထားလမ်းနှင့် ရေကြောင်းတို့မှ ဝင်ရောက်လာသူများသည် ၎င်းတို့၏ ခရီးသွားလာချိန် တိုတောင်းပါက အထက်ဖော်ပြပါနည်းအတိုင်း ဆောင်ရွက်နိုင် ကြောင်း၊ ခရီးသွားလာချိန် ကြာမြင့်ပါက နိုင်ငံအတွင်းသို့မဝင်ရောက်မီ နယ်စပ်ဂိတ် များတွင် ကိုဗစ်-၁၉ စစ်ဆေးမှုပြုလုပ်ရန် လိုအပ်ပြီး negative result ထွက်ရှိပါက ၎င်းတို့ တည်းခိုနေထိုင်မည့် နေရာများသို့ သွားရောက်နိုင်ပြီး ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များအား လိုက်နာရမည်ဖြစ်ကြောင်း။

၂။       သို့ဖြစ်ပါ၍ မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ အကြောင်းကြားပေးပို့လာမှုနှင့် စပ်လျဉ်း၍ သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။

 

Sorry, the comment form is closed at this time.