လူမှုဘ၀ဖွံ့ဖြိုးဖို့ ပန်းခင်းလမ်းအတိုင်း လျှောက်လှမ်းစို့

လူမှုဘ၀ဖွံ့ဖြိုးဖို့ ပန်းခင်းလမ်းအတိုင်း လျှောက်လှမ်းစို့

            အများသူငါလျှောက်မယ့်လမ်းမှာ ကြဲထားတဲ့ပန်းအလှ ပန်းရနံ့တွေနဲ့ အေးမြခြင်းက ကြည်နူးစရာ ဖြစ်‌နေပါလိမ့်မယ်။ ။ ပြည်သူတွေရဲ့ လူမှုဘ၀ ဖွံ့ဖြိုးဖို့အတွက်၊ လှပတဲ့အနာဂါတ်ပန်းတိုင်ရောက်ဖို့အတွက် လျှောက်ရတဲ့လမ်းမှာခင်းထားတဲ့ ပန်းခင်းကြီးက ဝေဝေဆာဆာနဲ့ သက်၀င်လှုပ်ရှားနေလေရဲ့။ လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တာ၀န်ယူခင်းပေးထားတဲ့ ပန်းခင်းလမ်းကို အမျိုးမျိုးတင်စားနိုင်ပါတယ်။ ကိုယ်သွားမယ့်ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့၊ ဆူးကြားထဲမှာ ကိုယ်လျှောက်နေတဲ့လမ်းလေးတစ်ခု အဆင်ပြေချောမွေ့စေဖို့ တန်ဆာဆင် ဖန်တီးထားတဲ့ အလှတရားတစ်ခုအနေနဲ့ ပန်းခင်းစီမံချက်ရဲ့ သဘောသဘာ၀လေးတစ်ခုကို ခံစားကြည့် ကြပါစို့..

အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်တော့မည့် နိုင်ငံသားအခွင့်အရေးတစ်ခု

           နိုင်ငံသားတိုင်းရဲ့ အရေးကြီးလှတဲ့ နိုင်ငံသားအခွင့်အရေးတစ်ခုအတွက်၊ ပြည်သူအားလုံးရဲ့လူမှုဘ၀ လှပတင့်တယ်ဖို့အတွက် လူ၀င်မှုကြီး ကြပ်ရေးနဲ့ပြည်သူ့အင်အား၀န်ကြီးဌာနရဲ့ ပန်းခင်းစီမံချက်ဟာ ယခုနှစ် မေလကစပြီး အကောင်အထည်ပေါ်လာနေပါပြီ။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၄၆ အရလည်း နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဌာန်းထားသည့်အတိုင်း ဖြစ်စေရမည်” လို့ အတိအလင်းဆိုထားတာ တွေ့ရပါလိမ့်မယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှာ မှီတင်းနေထိုင်ကြတဲ့ မွေးရာပါတိုင်းရင်းသားအားလုံးအနေနဲ့ ကိုယ်ပိုင်နိုင်ငံသားစိစစ်ရေးကဒ်တစ်ခု ကိုင်ဆောင်ခွင့်ဆိုတာ နိုင်ငံသားအခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ လက်လွတ်မခံသင့်တဲ့ ကြုံတောင့်ကြုံခဲ အခွင့်အလန်းတစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေးကဒ်ဆိုတာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေခံအထောက်အထား တစ်ခုပါ။ နိုင်ငံသား ဖြစ်ခွင့်ရှိတဲ့အရည်အချင်းအရ မြန်မာနိုင်ငံသား ဖြစ်ကြောင်းဆိုတာ ဒီလိုနိုင်ငံသားစိစစ်ရေးကဒ်ရှိမှသာ အသိအမှတ်ပြုခံရတဲ့သဘောပါပဲ။ ဒါကြောင့် ဥပဒေနဲ့အညီ နိုင်ငံသားအရည်အချင်းပြည့်မှီတဲ့ တိုင်းရင်းသားတိုင်း နိုင်ငံသားတိုင်းဟာ နိုင်ငံသားဖြစ်မှု/ ဧည့်နိုင်ငံသားဖြစ်မှု/ နိုင်ငံသားပြုခွင့်ရမှု စသည်ဖြင့် ဥပဒေနှင့်အညီ သက်သေခံကဒ်တစ်ခုခုတော့ ကိုင်ဆောင်ထားသင့်ပါတယ်။ နိုင်ငံသားဖြစ်တည်မှုဆိုပြီး အမျိုးမျိုးရှိနေရတာက မွေးရာပါတိုင်းရင်းသားမဟုတ်ပေမဲ့ တည်ဆဲဥပဒေတွေအရ နိုင်ငံသား အရည်အချင်း ပြည့်မှီတဲ့ နိုင်ငံသားများလည်း နိုင်ငံအတွင်းမှာ နေထိုင်နေကြလို့ ဖြစ်ပါတယ်။ ထိုသူတို့အတွက်လည်း အသိအမှတ်ပြုကဒ်တစ်ခုခုကို ပိုင်ဆိုင်ထားကြတော့မယ့် အခွင့်အရေးတစ်ခု ငါတို့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာနေပြီဖြစ်တယ် ဆိုတာကို နားလည်သိရှိစေလိုပါတယ်။

အချုပ်အခြာအာဏာပိုင် အစိတ်အပိုင်းတစ်ခုအဖြစ်ပါ၀င်ခွင့်ရပါပြီ

             ထို့အတူပါပဲ မိမိဟာ မိသားစု၀င်တစ်ဦးဦး ဖြစ်နေတယ်ဆိုရင် ထိုအိမ်ထောင်စု၀င်စာရင်းထဲမှာ ပါကိုပါရမှာဖြစ်ပါတယ်။ အိမ်ထောင်စုလူဦးရေစာရင်းလည်းရှိရမှာဖြစ်ပါတယ်။ ဒါဟာလည်း နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေးတစ်ခုပါပဲ။ အိမ်ထောင်စုစာရင်းမှာပါတယ်ဆိုတဲ့ အထောက်အထားဟာ ထိုမိသားစု၀င် အဖြစ် အသိအမှတ်ပြုခြင်းဆိုတဲ့ သက်သေခံတစ်ခုပါပဲ။ ကိုယ်က အိမ်ထောင်စု၀င်ဖြစ်တယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကဒ်လိုပဲ တစ်သက်လုံး ကိုင်ဆောင်ထားရမယ့် အရေးကြီးတဲ့ အထောက်အထားများဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံသားစိစစ်ရေးကဒ်ကော၊ အိမ်ထောင်စုလူဦးရေစာရင်းအထောက်အထား  နှစ်ခုစလုံးဟာ မိမိဘ၀အတွက် တကယ်ကို အရေးပါကြောင်းဆိုပါရစေ။ ပန်းခင်းစီမံချက်ကြောင့် ကိုယ့်မွေးဖွါးရာဇာတိနယ်မှာ နေတဲ့သူအတွက်ကော၊ ရွှေ့ပြောင်းနေထိုင်သူအတွက်ပါ အိမ်ထောင်စု စာရင်းကော၊ စိစစ်‌ရေးကဒ်ဖြစ်ဖြစ်၊ ကိုင်ဆောင်သက်သေခံလက်မှတ် တစ်ခုခုဖြစ်ဖြစ် ပိုင်ဆိုင်ကြတော့မှာမို့ အားလုံးအတွက် အဆင်ပြေသွားကြတော့မှာလည်း ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် နိုင်ငံသားစိစစ်ရေးကဒ် တစ်ခုပိုင်ဆိုင်ပြီး နိုင်ငံသားတစ်ဦးအဖြစ် အသိအမှတ်ပြုခံရခြင်းဟာ ဒီနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင် တစ်ခုမှာ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ ပါ၀င်ခွင့်ရလိုက်တဲ့ သဘောဆိုတာ သိစေလိုပါတယ်။

ဒီမိုကရေစီလမ်းကြောင်းကို စည်းကမ်းနှင့်အညီချီတက်နိုင်ရေးရည်ရွယ်

            မွေးရာပါတိုင်းရင်းသားတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ နိုင်ငံသားတစ်ယောက်ရဲ့ နိုင်ငံသားအခွင့်အရေးများအတွက် အထောက်အကူပြု‌နေတဲ့ အာမခံချက်တစ်ခုအနေနဲ့ ပန်းခင်းစီမံချက်ဟာ ပေါ်ထွက်လို့ လာနေပါပြီ။ တစ်နှစ်ခွဲခန့်ကြာမယ့် ဒီစီမံချက်ကြီးဟာ လူ၀င်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အား ၀န်ကြီးဌာနရဲ့ လုပ်ငန်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း နိုင်ငံသားစိစစ်ရေးကဒ်၊ အသိအမှတ်ပြုမှုတစ်ခုခုနဲ့ အိမ်ထောင်စုစာရင်းမရှိသေးတဲ့ ပြည်သူများအတွက် အရေးတကြီး အကောင်အထည်ဖေါ်နေတဲ့ စီမံချက်တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ မှတ်ပုံတင်မရှိဘဲ မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်အရေတွက်ဟာ ၄.၈၇ သန်းရှိခဲ့တဲ့အတွက်ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရဲ့ လမ်းညွှန်ချက်အရ ပေါ်ပေါက်လာတဲ့စီမံချက်တစ်ခုဖြစ်ပါတယ်။ ယခုကာလဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အရေးပေါ်ကာလ ပြဌာန်းချက်များနဲ့အညီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်အကောင် အထည်ဖေါ်ဆောင်ရွက်နေတဲ့ ကာလတစ်ခုဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ( ၂၀၀၈ ) နဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးဖို့ အခိုင်အမာ ကတိစကား    ဆိုထားပြီးလည်း ဖြစ်ပါတယ်။ အဓိကက ပြည်သူများ ဒီမိုကရေစီလမ်းကြောင်းကို စည်းကမ်းနဲ့အညီ သွားနိုင်ရေးအတွက် ရည်ရွည်တဲ့ စီမံချက်တစ်ခုပါ။ ဒီတော့ နောင်လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိသူတိုင်း မိမိဆန္ဒအတိုင်း မဲပေးခွင့်ရှိရမှာဖြစ်တဲ့အတွက် နိုင်ငံသားစိစစ်ရေးကဒ်ရှိရမယ့်သူတိုင်း နိုင်ငံသားစိစစ်ရေးကဒ် ပိုင်ဆိုင်နိုင်ဖို့အရေးဟာ ဦးစားပေး ဆောင်ရွက်ရမယ့်စီမံချက်တစ်ခုဖြစ်နေတာမို့ အရေးကြီးလုပ်ငန်းတစ်ရပ်အဖြစ် သဘောထားပြီး သက်ဆိုင်ရာ၀န်ကြီးဌာနအနေနဲ့ ရပ်ကွက် ကျေးရွာများ အရောက် ကြိုးစားအကောင်အထည်ဖေါ် ဆောင်ရွက်နေတာကို တွေ့မြင်နေရတာဖြစ်ပါတယ်။

မိုးပွင့်သစ္စာမှသည်ပန်းခင်းဆီသို့

            အိမ်ထောင်စုစာရင်းမရှိသေးသူတွေ၊ နိုင်ငံအတွင်းနေထိုင်ကြောင်း သက်သေခံ အထောက်အထားကဒ် တစ်ခုခု မကိုင်ဆောင်နိုင်သူတွေအတွက် သက်သေခံကဒ်ထုတ်ပေးတဲ့လုပ်ငန်းစဉ်ဟာ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ စဉ်ဆက်မပြတ် ပြုလုပ်ပေးနေတဲ့ လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခု အတွင်းမှာ စီမံချက်နှစ်ခု ပြုလုပ်ပေးနိုင်ခဲ့တဲ့အနေအထားပါ။ ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းကစပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်အထိ မိုးပွင့်စီမံချက်များချမှတ်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပေါင်း ၇ သန်းကျော် ထုတ်ပေး ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ နိုင်ငံသားများ မဲပေးခွင့်မဆုံးရှုံးရေးအတွက် ဦးတည်ပြီး သစ္စာစီမံချက်ကို ချမှတ်အကောင် အထည်ဖေါ်ခဲ့ပါတယ်။ နိုင်ငံသား စိစစ်ရေးကဒ်ပေါင်း ၅ သန်း ၇ သိန်းကျော်အထိ ထုတ်ပေးနိုင်ခဲ့တယ် လို့သိရပါတယ်။ ပြည်သူ့အကျိုးအတွက် ရှေးရှူပြီး ခေတ်အဆက် ဆက်ဆောင်ရွက်ပေးနိုင်မှုကို နှိုင်းယှဉ်ကြည့်တဲ့အခါ ယခု ပန်းခင်းစီမံချက်က ၂၀၂၂ ခုနှစ် နို၀င်ဘာလ ၃ ရက်နေ့အထိ ၁၈ လ ကာလသာ ကြာမြင့်မှာဖြစ်တဲ့အတွက် ကာလအတိုဆုံး စီမံချက်တစ်ခုဖြစ်ပြီး ၀န်ကြီးဌာနရဲ့ အစီရင်ခံချက်အရလည်း တစ်ရက်ကို ၃၀၀ ဦးနှုန်းနဲ့ ဆောင်ရွက် ပေးသွားမယ့် အခြေအနေဖြစ်ကြောင်းသိရှိရပါတယ်။

ဖြည့်ဆည်းယူဆောင်လာရမည့်လိုအပ်ချက်များ

            ထုံးစံအတိုင်း မရှိမဖြစ်အရေးပါတဲ့ နိုင်ငံသားစိစစ်ရေးကဒ်တစ်ခုလုပ်ဖို့ လုပ်မယ့်သူကိုယ်တိုင် ဖြည့်ဆည်းပေးရမယ့်အချက်တွေလည်းရှိလာပြန်ပါတယ်။ လုပ်မယ့်သူရဲ့ လိုင်စင်ဓာတ်ပုံ၊ အိမ်ထောင်စု လူဦးရေစာရင်းမူရင်းနဲ့မိတ္တူ၊ မိဘနှစ်ပါးရဲ့ မှတ်ပုံတင်မိတ္တူ၊ အဘိုးအဘွားတွေ မောင်နှမရင်းချာတွေရဲ့ အမည်၊မှတ်ပုံတင်အမှတ်နဲ့ လိပ်စာတို့ လိုအပ်ပါတယ်။ အသက်အထောက်အထားအတွက်တော့ မွေးစာရင်း ဒါမှမဟုတ် ကျောင်းထောက်ခံချက် လိုအပ်ပါတယ်။ ရပ်ကွက်တွင်းနေထိုင်ကြောင်း ထောက်ခံချက်နဲ့ အတူ သွေးအမျိုးအစားလည်း လိုအပ်လာမှာဖြစ်ပါတယ်။ ဝေးလံတဲ့အချို့ တိုင်းရင်းသားဒေသတွေမှာတော့ သွေးနှောနေထိုင်ခြင်းနဲ့ သန်းခေါင်စာရင်း မရှိတဲ့အခက်အခဲ စတဲ့ အချို့သောလိုအပ်ချက်တွေ ရှိကောင်းရှိနိုင် ပါတယ်။ ဒီလိုအပ်ချက်ကိုတော့ စိစစ်ထောက်ခံပေးမယ့် ၅ ဦးပါ ပူးပေါင်းကော်မတီများဖွဲ့စည်းပြီး ကွင်းဆင်း ဖြေလျှော့ဆောင်ရွက်ပေးသွားမယ်လို့ သိရှိရပါတယ်။ ထိုငါးဦးကော်မတီမှာဆိုရင် လဝကမြို့နယ်ဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းရဲ့စံနှုန်းတစ်ခုအနေဖြင့်လည်းတင်စားနိုင်

            ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုမှာ နေထိုင်ကြတဲ့ နိုင်ငံသားတိုင်းဟာ နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးမှုနဲ့ ဘယ်လိုမှမထိုက်တန်ပါဘူး။ ဒီအချက်ဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့စံနှုန်းတစ်ခုအဖြစ်နဲ့လည်း တင်စားလို့ရတယ်။ ကိုယ့်နိုင်ငံသားတွေနိုင်ငံသားဖြစ်ခွင့် မဆုံးရှုံးအောင် ပန်းခင်းစီမံချက်က အကောင်အထည်ဖေါ်ပေးနေတာပါလားလို့ တိုင်းရင်းသားပြည်သူများ ကိုယ်တိုင်ခံယူထားရမှာ ဖြစ်ပါတယ်။ ပန်းခင်းလမ်းဟာ ငါတို့လူမျိုးတွေအတွက်၊ ငါတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွါးအတွက် လျှောက်လှမ်းရမယ့်လမ်းဆိုတာ နှလုံးသား၀ယ် စွဲထင်နေရမှာဖြစ်ပါတယ်။ စီမံချက်ကိုက ပြည်သူတွေရဲ့ လူမှုဘ၀ဖွံ့ဖိုးတိုးတက်ဖို့အတွက် ရည်ရွယ်ထားပြီး အလုပ်ခွင်မပျက် ငွေ‌ကုန် ကြေးကျအနည်းဆုံးနဲ့ ပြည်သူ့အကျိုးကို ရှေးရှူထားတာ တွေ့ရတဲ့အတွက် ပြည်သူ့အရေးကို အလေးအနက်ထားခြင်းလည်း မည်ပါတယ်။ သက်ဆိုင်ရာရုံးတွေကို သွားဖို့ခက်ခဲအဆင်မပြေသူ တွေအတွက်ဆို အလွန်ကိုလွယ်ကူမြန်ဆန်သွားပြီဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားက တိုင်းရင်းသားတွေ အတွက်လည်း ငြိမ်းချမ်းရေးအနှစ်သာရတစ်ခုကို ပန်းခင်းစီမံချက်က ပေးစွမ်းနိုင်မလား။ ခံယူချက်ကောင်း တစ်ခုကို ခံယူထားကြသူများဖြစ်တဲ့အတွက် ကောင်းသောရလာဒ်တစ်ခုကို ဖေါ်ဆောင်နိုင်မယ်လို့ အလေးအနက်ယုံကြည်မိပါတယ်။ 

စိန်ခေါ်မှုနှင့်အခွင့်အလမ်း

            ပန်းခင်းစီမံချက်ကြောင့် ကျွန်တော်တို့ တိုင်းရင်းသားအားလုံးအတွက် အမျိုးသားရေးဂုဏ်သိက္ခာ တစ်ခုကို မြင့်မားလာစေမယ်လို့ ယုံကြည်ထားပါတယ်။ ယခု စီမံချက်ဟာ လုပ်ငန်းပမာဏ ကြီးမား ကျယ်ပြန့်များပြားသော်လည်း နိုင်ငံရေးမုန်တိုင်းတွေနဲ့ ကြမ်းတမ်းအကွေ့အကောက်များကြားမှာ လုပ်ရတာပါ။ နယ်စွန်နယ်ဖျားက တိုင်းရင်းသားတွေအတွက်လည်း ခါးသီးတဲ့အတွေ့အကြုံတွေနဲ့ ပူဆွေးသောကတွေရှိနေချိန်ပါ။ ဗုံးခွဲမှု မီးရှို့မှု ဒလန်ဆိုပြီးသတ်ဖြတ်ဆူပူမှုများအောက်မှာ ပြည်သူတွေအနေနဲ့ မဝံ့မရဲရှိနေကြမှာ သေချာပါတယ်။ လုံခြုံရေးကန့်သတ်ချက်များအောက်မှာ အချို့တိုင်းရင်းသားတွေအနေနဲ့ သွားရလာရ ခက်ခဲမှုဟာ စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးအကျိုးဆက်ဟာ ပန်းခင်းစီမံချက် အတွက် စိန်ခေါ်မှုတစ်ခုဖြစ်နိုင်သလို ဒီစီမံချက်ကပဲ အနာဂါတ်ငြိမ်း ချမ်းရေးအတွက် အခွင့်အလမ်း ကောင်းတစ်ခုအဖြစ်လည်း တွက်ဆလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဆက်စပ်သက်ဆိုင်ပါ၀င် သူတွေရဲ့ စုစည်းညီညွတ်မှု၊ ထိရောက်တဲ့စီမံခန့်ခွဲမှု၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်မှု နဲ့ ဆက်သွယ်ဆက်ဆံမှု စွမ်းပကားတွေက စိန်ခေါ်မှုနဲ့ အခက်အခဲအားလုံးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ပါလိမ့်မယ် ဆိုတာယုံကြည်ထားပါတယ်။

            ယခုဆောင်ရွက်နေတဲ့ လ၀ကရဲ့ပန်းခင်းစီမံချက်ဟာ အမြဲချော‌မွေ့နေတဲ့ ဆူးခင်းလမ်း မဟုတ် တာတော့ သေချာပါတယ်။ ပန်းခင်းလမ်း ဆိုသော်ငြား မလိုလားအပ်တဲ့ ဆူးပုံတွေလည်းတွေ့နိုင်တယ်၊ နားလည်မှု၊ စိတ်ရှည်မှု၊ သည်းခံမှုတွေနဲ့သာ ဒီဆူးပုံတွေကိုရှောင်ရှားနိုင်လိမ့်မယ်။ စုစည်းညီညွတ်မှုတွေ အမျှော်အမြင်ရှိမှုတွေနဲ့ ခင်းထားတဲ့လမ်းမို့ မအောင်မြင်စရာအကြောင်းလုံး၀မရှိပါဘူး။ လေးနက်တဲ့ အမျိုးသားရေး ခံယူချက်နဲ့ ခိုင်မာတဲ့ အမျိုးသားရေးယုံကြည်ချက်တို့ကြောင့် ပြည်သူအားလုံးအတွက် ဦးတည်တဲ့ ပြည်သူအားလုံးလျှောက်တဲ့ပန်းခင်းလမ်းဟာ အဆင်ပြေပြေလှလှပပနဲ့ ချောမွေ့အောင်မြင်မယ် ဆိုတာ အလေးအနက်ယုံကြည်မိပါတယ်။

 

“ပန်းခင်းလမ်းမှာ အတူပါ၀င်လျှောက်လှမ်းရင်း အခွင့်အလမ်းကောင်းတစ်ခုကို မလွတ်တမ်းဆုပ်ကိုင်ကြပါစို့”

မိုးကေနိုင်

Sorry, the comment form is closed at this time.