ဝန်ကြီးဌာနမှ MRTV/ MWD ရုပ်သံ၊ သတင်းစာတို့နှင့် အမေးအဖြေကဏ္ဍ ပြည်နယ်/ တိုင်းများမှ Talk Show ရိုက်ကူးရာတွင် ထည့်သွင်းပြောကြားရမည့် “ပန်းခင်း” စီမံချက်ဆိုင်ရာ မူဝါဒ အချက်အလက်များ

ဝန်ကြီးဌာနမှ MRTV/ MWD ရုပ်သံ၊ သတင်းစာတို့နှင့် အမေးအဖြေကဏ္ဍ ပြည်နယ်/ တိုင်းများမှ Talk Show ရိုက်ကူးရာတွင် ထည့်သွင်းပြောကြားရမည့် “ပန်းခင်း” စီမံချက်ဆိုင်ရာ မူဝါဒ အချက်အလက်များ

လူမှုဘဝဆောင်ရွက်ချက်တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထား နိုင်ရေးဟာ ကာယကံရှင် နိုင်ငံသားတစ်ဦးချင်းစီအတွက် အရေးကြီးသလို၊ နိုင်ငံတော်အတွက်လည်း အရေးကြီးပါတယ်ရှင်။ အခု နိုင်ငံတော်စီမံချက်တစ်ခုအဖြစ် ဆောင်ရွက်နေတဲ့ “ပန်းခင်း” စီမံချက် ဟာ နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ဥပဒေနဲ့အညီ ခိုင်လုံတဲ့အထောက်အထားတစ်ခု ရရှိကိုင်ဆောင်နိုင် မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်ရှင်။ ဒါကြောင့် လူအများစိတ်ဝင်စားနေတဲ့ “ပန်းခင်း” စီမံချက်နဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးရဲထွန်းဦးက ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။

မေး။  အခုပန်းခင်းစီမံချက်နဲ့ပတ်သက်ပြီးတော့ ကျွန်မတို့အနေနဲ့ နိုင်ငံတစ်ဝန်းမှာ ဆောင်ရွက် ပေးနေတာကိုလည်း တွေ့မြင်နေရပါတယ်ရှင်။ သတင်းစာစောင်တွေ၊ Facebook တွေ စတဲ့ လူမှုကွန်ယက်တွေမှာလည်း တွေ့နေရပါတယ်ရှင်။ ဘာကြောင့်ပန်းခင်းစီမံချက်လို့ အမည်ပေးထားလဲဆိုတာကို အရင်ဦးဆုံး သိပါရစေရှင်။

ဖြေ။   ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။ ဒီ “ပန်းခင်း” စီမံချက်ဆိုတာက ကျွန်တော်တို့ဝန်ကြီးဌာန မှ ရွေးချယ်ထားတဲ့၊ အများသဘောတူတဲ့ အမည်နာမတစ်ခု ဖြစ်ပါတယ်။ “ပန်းခင်း” စီမံချက် ဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့ အဆင့်ဆင့် ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ “ပန်းခင်း” စီမံချက်ဆိုတာကတော့  အခုနိုင်ငံသားတွေ ရသင့်ရထိုက်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ကို အရှိန်အဟုန်နဲ့ ထုတ်ပေးနေတဲ့ စီမံချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ လုပ်ငန်း တာဝန်တွေထဲက အကျုံးဝင်တဲ့သူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးဖို့ဆိုတာ လည်း ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ အဓိက လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်ပါတယ်။ ဒီ “ပန်းခင်း” စီမံချက် ဘယ်လိုစတင် ဖြစ်ပေါ်လာသလဲဆိုရင် ကျွန်တော်တို့ ၂၀၁၁၊ ၂၀၁၅ ခုနှစ် ပြည်ထောင်စုဝန်ကြီး၊ ယခင် ပြည်ထောင်စုဝန်ကြီး လက်ထက်ကာလမှာ “မိုးပွင့်” ဆိုတဲ့ စီမံချက်နဲ့ စတင်ဆောင်ရွက်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီ “မိုးပွင့်” ဆိုတဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးတဲ့ စီမံချက်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ နိုင်ငံသား အခွင့်အရေး အပြည့်အဝရဖို့နဲ့ အနာဂါတ်ဘဝ ဖြောင့်ဖြူးသာယာစေဖို့အတွက် မိုးစက် မိုးပွင့် တွေကြောင့် လူတွေစိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ အေးမြစေဖို့ ရည်ရွယ်ပြီးတော့ “မိုးပွင့်” ဆိုတဲ့ စီမံချက်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ မိုးပွင့် စီမံချက် (၇) ကြိမ်၊ အထူးစီမံချက် (၁) ကြိမ် ဆိုပြီး စုစုပေါင်း စီမံချက်ကြီး (၈) ကြိမ်နဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားပေါင်း ၈.၄ သန်းကို ကျွန်တော်တို့ ထုတ်ပေးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီစီမံချက်ကာလရဲ့နောက်ပိုင်း ကျွန်တော်တို့ဝန်ကြီးဌာနကို လက်ဆင့်ကမ်း တာဝန်ယူခဲ့တဲ့ ဝန်ကြီးဌာနအကြီးအကဲတွေကလည်း ဒီစီမံချက်က ဆက်လုပ်သင့်တဲ့ စီမံချက်လို့ ယုံကြည် ယူဆတဲ့အတွက်ကြောင့် သစ္စာတရားကို အခြေခံထားတဲ့ “သစ္စာ” စီမံချက်နဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေကို ဆက်ထုတ်ပေးခဲ့ပါတယ်။ ၂၀၁၆ ကနေ ၂၀၂၀ ခုနှစ် အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း ၆.၂ သန်း ကို “သစ္စာ” စီမံချက်နဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ အခု “ပန်းခင်း” စီမံချက်ကာလကို ရောက်ရှိလာတဲ့အခါမှာ နိုင်ငံတော်ရဲ့ လိုအပ်ချက်ဖြစ်တယ်၊ နိုင်ငံတော်က လည်း မူဝါဒတွေချမှတ်ပြီးတော့ ကျွန်တော်တို့ဝန်ကြီးဌာနကို တာဝန်ပေးတယ်၊ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ အဓိကလုပ်ငန်းတာဝန်လည်း ဖြစ်တဲ့အတွက် နိုင်ငံသားတွေ နိုင်ငံသား တစ်ယောက်အဖြစ် အခိုင်အမာ အသိအမှတ်ပြုနိုင်ဖို့နဲ့ နိုင်ငံတော်ရဲ့အနာဂါတ် ရှေ့လုပ်ရမယ့် လုပ်ငန်းစဉ်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဒီနိုင်ငံသားစိစစ်‌ရေးကတ်ပြားကို “ပန်းခင်း” ဆိုတဲ့ စီမံချက်နဲ့ လုပ်ပေးနေတာ ဖြစ်ပါတယ်။ လူတွေ အေးမြစေဖို့အတွက် “မိုးပွင့်” နဲ့ စခဲ့တယ်၊ “သစ္စာ” တရားနဲ့ ရှင်သန်ခဲ့ပြီးတော့ ရရှိလာခဲ့တဲ့ အကျိုးကျေးဇူးတွေ၊ အဖူး အပွင့်တွေ၊ အတွေ့အကြုံတွေနဲ့ အခုနိုင်ငံတော်တစ်ဝန်းလုံး အေးချမ်းသာယာပြီး ပြည်သူတွေ စိတ်ချမ်းသာ စွာနဲ့ ဖူးပွင့်ဝေဆာနေတဲ့ ပန်းခင်းကြီးတစ်ခု ဖန်တီးပေးထားတယ်ဆိုတဲ့ သဘောမျိုးနဲ့  ဒီ နိမိတ်ဘောင်ကိုယူပြီးတော့ “ပန်းခင်း”  ဆိုတဲ့ အမည်နာမနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ် ခင်ဗျ။

မေး။  တကယ့်ကို ရည်ရွယ်ချက်ကောင်းတွေနဲ့ ဆောင်ရွက်နေတဲ့ စီမံချက်တစ်ခုလည်း ဖြစ်ပါတယ် ရှင့်။ ဒီ ပန်းခင်းစီမံချက်ကို ဘယ်လိုပုံစံမျိုးတွေနဲ့ ဆောင်ရွက်သွားမယ်ဆိုတာကို ဆက်လက် ရှင်းပြပေးပါဦးရှင်။

ဖြေ။   ကျွန်တော်တို့ “ပန်းခင်း” စီမံချက်ကို နေထိုင်မှုပုံစံ အမျိုးအစား (၄) မျိုးနဲ့ ဆောင်ရွက်ပေး ပါမယ်။

–         ပထမတစ်မျိုးကတော့ လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်ပြီးတော့ အိမ်ထောင်စု စာရင်းရှိတယ်၊ မှတ်ပုံတင်မရှိတဲ့လူတွေပေါ့။

–         ဒုတိယကတော့ လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်တယ်၊ အိမ်ထောင်စုစာရင်းလည်း မရှိဘူး၊ မှတ်ပုံတင်လည်းမရှိတဲ့လူတွေ။

–         တတိယအမျိုးအစားကတော့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက်။ မူလဒေသမှာ အိမ်ထောင်စု စာရင်းရှိတယ်။ လက်ရှိဒေသမှာ မှတ်ပုံတင်မရှိတဲ့လူတွေ။

–         စတုတ္ထကတော့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက်။ မူလဒေသမှာ အိမ်ထောင်စုစာရင်းမရှိဘူး၊  လက်ရှိဒေသမှာ အိမ်ထောင်စုစာရင်းလည်းမရှိဘူး၊ မှတ်ပုံတင်လည်း မရှိတဲ့လူတွေအတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။

မေး။  ဒီစီမံချက်ကတော့ နိုင်ငံတော်အတွက်ကို အင်မတန်မှကောင်းမွန်တဲ့ စီမံချက်တစ်ခုလည်း ဖြစ်ပါတယ် ဆရာ။ ဒါတွေကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးတော့ လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက်ဆိုရင် ဘယ်လိုတွေဆောင်ရွက်နေတယ်ဆိုတာကို ရှင်းပြပေးစေချင်ပါတယ်ရှင်။

ဖြေ။   ဟုတ်ကဲ့ခင်ဗျ။ ဒီ “ပန်းခင်း” စီမံချက်ကြီးကို နိုင်ငံတော်ကချမှတ်ပေးတဲ့  မူဝါဒတွေ၊ လမ်းညွှန် ချက်တွေ၊ ဖြည့်ဆည်းဆောင်ရွက်ပေးမှုတွေနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနက ညွှန်ကြားချက်၊ အမိန့်တွေနဲ့၊ ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် အနီးကပ် ကြီးကြပ်ပြီးတော့ ကျွန်တော်တို့ဝန်ထမ်းတွေ အားလုံးက စည်းလုံးညီညွတ်စွာနဲ့ စီမံချက်ကို အပိုင်း (၃) ပိုင်းနဲ့ စနစ်တကျ ဆောင်ရွက်နေတာဖြစ်ပါတယ်-

အပိုင်း (၁) ကတော့   ကျွန်တော်တို့ဝန်ကြီးဌာနက ဆောင်ရွက်ရတဲ့အပိုင်း၊

အပိုင်း (၂) ကတော့   ပူးပေါင်းဆောင်ရွက်မှုအပိုင်း၊

အပိုင်း (၃) ကတော့ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေမယ့်  မီဒီယာကဏ္ဍအပိုင်းဘဲ ဖြစ်ပါတယ်။

–         ကျွန်တော်တို့ဝန်ကြီးဌာနက ဆောင်ရွက်တဲ့ အပိုင်းမှာတော့ ကျွန်တော်တို့ ဒီ “ပန်းခင်း” စီမံချက်က ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့က စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပြီးတော့ ကာလကန့်သတ်ချက်အရ အချိန်မီပြီးစီးဖို့ လိုအပ်တာကြောင့် ကျွန်တော်တို့ဝန်ကြီးဌာနမှာ လိုအပ်နေတဲ့  ဝန်ထမ်းအင်အား ဖြည့်တင်းတာတွေ၊ ဝန်ထမ်းသစ်ခန့်ထားတာတွေကို လက်ရှိ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အုပ်ချုပ်မှုကိစ္စတွေ အဆင်ပြေစေဖို့အတွက်လည်း ဝန်ထမ်း တွေကို ပြောင်းရွှေ့နေရာချ တာဝန်ပေးတာ‌တွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒါအပြင် ရာထူးလစ်လပ်နေတဲ့ နေရာတွေမှာ ရာထူးတိုးခန့်ထားရေးတွေကိုလည်း ဆောင်ရွက်ပြီးတော့ ပြောင်းရွှေ့ နေရာချထားတာတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ် ခင်ဗျ။ နောက် ကျွန်တော်တို့နဲ့ တိုင်းနှင့်ပြည်နယ်တွေနဲ့ စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်း ပြီးတော့ ပြည်သူလူထုအတွက် ထုတ်ပေးရမယ့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ၊ မှတ်တမ်း မှတ်ရာ ဆောင်ရွက်ပေးရမယ့် စာရွက်စာတမ်းတွေ သိန်းသန်းနဲ့ချီပြီးတော့ အချိန်မီရရှိနိုင် အောင်လည်း ကျွန်တော်တို့ဝန်ကြီးဌာနက ဆောင်ရွက်နေတာ ဖြစ်ပါတယ်ခင်ဗျ။

–         ပူးပေါင်းဆောင်ရွက်မှုအပိုင်းအနေနဲ့ ကျွန်တော်တို့ဝန်ကြီးဌာနက ဆက်စပ်တဲ့ဝန်ကြီး ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေသလို တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်တွေ၊ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ၊ NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့စစ်တွေ၊ ဒေသတွင်းမှာ စည်းရုံးစွာဆောင်ရွက်နိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ DKBA တို့၊ BGF တို့ စတဲ့ အဖွဲ့အစည်းမျိုး တွေ၊ နိုင်ငံတော်မှာ တရားဝင်ဖွဲ့စည်း ရပ်တည်နေတဲ့ NGO အဖွဲ့အစည်းတွေ ဥပမာအားဖြင့် အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ စစ်မှုထမ်းဟောင်း အဖွဲ့ချုပ်၊ YMBA အသင်းကြီးစတဲ့  ဒီလို အသင်းကြီးတွေနဲ့ ညီနောင်အသင်းတွေနဲ့ ပူးပေါင်းပြီး သူတို့ရဲ့အားကိုယူပြီးတော့ ကျွန်တော်တို့ရဲ့စီမံချက်ကို အရှိန်အဟုန်ကောင်းစွာနဲ့ ဆောင်ရွက် နေတာဖြစ်ပါတယ်။

–         တတိယအပိုင်းကတော့ ပြည်သူလူထုတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့အတွက် ဆောင်ရွက်တဲ့ Media ကဏ္ဍမှာတော့ Media Strategy Plan ချမှတ်ပြီးတော့ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ဒီမှာလည်း ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ပြည်နယ်နှင့်တိုင်း အဖွဲ့တွေနဲ့ Online နဲ့ Offline Media (၂) မျိုးလုံးကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ Online Media မှာ ဆိုရင်တော့ Facebook Page တွေ၊ Website တွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနက လွှင့်တင်ထားတဲ့ Facebook Page တစ်ခုဖြစ်တဲ့ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုတဲ့ Facebook Page မှာ ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးရဲ့ ပန်ကြားလွှာ၊ ပြည်သူလူထုတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ၊ တိုင်းရင်းသားဘာသာစကားနဲ့ လွှင့်တင်တာတွေ၊ နောက် ကျွန်တော်တို့ တိုင်းနှင့်ပြည်နယ်က ဆောင်ရွက်ချက်တွေကို လွှင့်တင်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ Website မှာလည်း ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ Website အပါအဝင် ဆက်စပ်ထားတဲ့ ဝန်ကြီးဌာန Website ‌တွေ၊ ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့တွေရဲ့ Website တွေနဲ့ ပြည်သူတွေ သိသင့် သိထိုက်တာတွေကို လွှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ Offline Media မှာ တော့ Printed Media ဖြစ်တဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဆောင်းပါးတွေထည့်တာတွေ၊ ကျွန်တော်တို့ ပြည်သူလူထု သိသင့်သိထိုက်တဲ့ အချက်အလက်တွေ ဖြန့်ဝေတာတွေလုပ်ပါ တယ်၊ Pamphlet တွေ ဖြန့်ဝေတာတွေ ဆောင်ရွက်ပါတယ်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ TV Channel တွေမှာလည်း ကျွန်တော်တို့ရဲ့ Talk Show တွေ၊ စကားဝိုင်းတွေ၊ တွေ့ဆုံမေးမြန်းခန်းတွေ၊ TV Spot လို ပြည်သူ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ကြေငြာစာတန်းထိုးတာတွေ၊ တေးသီချင်းတွေနဲ့ ဆောင်ရွက်ဖို့စီစဉ်နေပါတယ်။ FM Radio နဲ့ Radio အသံလွှင့်ဌာနတွေမှာလည်း တိုင်းရင်းသားဘာသာစကားနဲ့ တိုင်းရင်းသားမိဘ၊ ပြည်သူ များပါ သိအောင် ကျွန်တော်တို့ လွှင့်တင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ “ပန်းခင်း” စီမံချက်ကို ပြည်သူတွေနားထဲမှာ သိရှိနားလည်လာပြီးတော့ ပြည်သူတွေအတွက် ဘယ်လောက်အရေးကြီးတယ်၊ နိုင်ငံတော်အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိလာခြင်းအားဖြင့် ပြည်သူတွေ ပိုမိုပူးပေါင်း ပါဝင်လာအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ Media ကဏ္ဍကတော့ ကျယ်ပြန့်တဲ့အတွက် ကျွန်တော် အနေနဲ့ ဒီလောက်ဘဲ အကျဉ်းချုပ် ရှင်းလင်းတင်ပြလိုပါတယ် ခင်ဗျ။

မေး။  ဟုတ်ကဲ့ပါရှင့်။ အခု ဆရာပြောသွားတဲ့ အထဲမှာဆိုရင် နိုင်ငံတော်ရဲ့ မူဝါဒ၊ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်၊ နိုင်ငံတော်ရဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှု ဆိုတဲ့အထဲမှာ နိုင်ငံတော်ရဲ့ မူဝါဒနဲ့ လမ်းညွှန်ချက်ကိုတော့ ရှင်းပါတယ်ရှင်။ နိုင်ငံတော်ရဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှုအနေနဲ့ ဝန်ကြီးဌာနနဲ့ ပြည်သူလူထု၊ ဝန်ထမ်းတွေအပေါ်မှာ ဘယ်လိုတွေ ဖြည့်ဆည်းဆောင်ရွက်ပေး လဲဆိုတာကို သိပါရစေရှင့်။

ဖြေ။   ကျွန်တော်တို့ “ပန်းခင်း” စီမံချက် က အရှိန်အဟုန် ကောင်းကောင်းနဲ့ လုပ်ရတာဖြစ်တဲ့ အတွက် ကျွန်တော်တို့ဝန်ကြီးဌာနမှာ လိုအပ်နေတဲ့ ဝန်ထမ်းအရေအတွက်၊ ဝန်ထမ်းသစ်တွေ ခန့်ထားဖို့အတွက် နိုင်ငံတော်ကို တင်ပြတဲ့အချိန်မှာ နိုင်ငံတော်က ကျွန်တော်တို့ဝန်ထမ်းတွေ ခန့်အပ်ဖို့ ခွင့်ပြုပြီးတော့ အခုလက်ရှိမှာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နောက် ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ မှတ်ပုံတင်လုပ်တဲ့ အချိန်မှာ လိုအပ်တဲ့ သွေးစစ်တာတွေ၊ ဓါတ်ပုံရိုက်တာတွေကို နိုင်ငံတော်ကနေ တဖက် တလှမ်းက ကူညီပံ့ပိုးနိုင်အောင် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ကနေတဆင့် ညွှန်ကြားဆောင် ရွက်နေတာတွေ ရှိပါတယ်။ အလားတူဘဲ ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ ကွင်းဆင်းဆောင်ရွက် တဲ့အခါမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်၊ သွားလာနေထိုင်တဲ့အခါမှာ သက်သာချောင်ချိမှုူတွေ ရရှိအောင် ကျွန်တော်တို့ဝန်ထမ်းတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးတာတွေကို နိုင်ငံတော် ကနေ အင်ပြည့်အားပြည့် ဆောင်ရွက်ပေးနေတာတွေရှိပါတယ်ခင်ဗျ။

မေး။  ဟုတ်ကဲ့ပါဆရာ။ အခုဆိုရင် “ပန်းခင်း” စီမံချက်နဲ့ ပတ်သက်ပြီးတော့ ဆရာတို့က လုပ်ဆောင်နေပြီဆိုတော့ ရုံးမှာဘဲလုပ်တာလား၊ ကွင်းဆင်းဆောင်ရွက်မှာလား။ အခုချိန် Covid ကာလမှာ ကျန်းမာရေးအတွက် ကန့်သတ်ချက်တွေ ရှိနေတဲ့ကာလဖြစ်တဲ့အတွက် ဘယ်လိုတွေ ဆောင်ရွက်နေပါသလဲဆိုတာကို သိပါရစေရှင်။

ဖြေ။   ဟုတ်ကဲ့ခင်ဗျ။ ဒီစီမံချက်ကာလက ကျွန်တော်တို့ရဲ့ အချိန်ကန့်သတ်ချက် (Time Frame) နဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ခုလိုအခြေအနေမှာ ရုံးမှာရော၊ ကွင်းဆင်းတာရောကို ရတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်နေပါတယ်။ လက်ရှိအနေအထားအရတော့ ကျွန်တော်တို့က ကွင်းဆင်းဆောင်ရွက်လို့ရှိရင် All One Stop Service ဖြစ်နိုင်အောင် ကျွန်တော်တို့က ပြင်ဆင်ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါတွေကတော့ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ကြိုတင်ညှိနှိုင်းထားတာတွေ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု တွေနဲ့ ကြိုတင်လူစုပြီးတော့ ရှေ့ပြေးလျှောက်လွှာတွေ ဖြည့်စွက်နိုင်အောင် ကြိုတင် ဆောင်ရွက်ထားတာတွေကို ကျွန်တော်တို့အခု လက်ရှိလုပ်နေပါတယ်။ ကျွန်တော်တို့ရုံးမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအနေနဲ့ကတော့ ဝန်ထမ်းတွေအနေနဲ့ ရှေ့ပြေးလျှောက်လွှာ တွေကို ကြိုပို့ထားလို့ ရှေ့ပြေးလျှောက်လွှာတွေနဲ့အတူ ရုံးမှာလာလုပ်ချင်ရင်လည်း လုပ်လို့ ရအောင် Covid ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ တစ်နေ့ကို အင်အား ၄၀၊ ၅၀ ခန့်ကို ဆောင်ရွက်ပေးနေပါတယ်။ အလားတူဘဲ ကျွန်တော်တို့ရုံးတွေမှာရှိတဲ့ အိမ်ထောင်စုဇယား တွေထဲက မိသားစုဝင်တွေက မှတ်ပုံတင်ရပြီး ဖြည့်စွက်ထားခြင်းမရှိတဲ့ ကွက်လပ်တွေကို လည်း ရုံးမှာရှိတဲ့ မှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့ ဒီကွက်လပ်တွေကို မှတ်ပုံတင် ရပြီးသားအဖြစ် ဖြည့်စွက်ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ နောက် ရှေ့ပြေးလျှောက် လွှာတွေ ကျွန်တော်တို့ရုံးကို‌ ရောက်လာတဲ့အချိန်မှာ ရှေ့ပြေးလျှောက်လွှာတွေမှာပါတဲ့ အချက်အလက်တွေအတိုင်း လူတစ်ဦးချင်းစီအတွက် မှတ်ပုံတင်ထုတ်ပေးရင် အဆင်သင့် ဖြစ်အောင် ဖိုင်တွေဖွဲ့ထားပြီးတော့ ကွင်းဆင်းတဲ့အချိန်မှာ ဆောင်ရွက်နိုင်အောင် ပြင်ဆင် ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခုလုပ်နေတာတော့ ကွင်းဆင်း ဖို့ ကြိုတင်ပြင်ဆင်ထားတာတွေရော၊ ရုံးမှာ ဆောင်ရွက်တာတွေရောကို အချိန်နဲ့တပြေးညီ ရရှိတဲ့အချိန်အတွင်းမှာ ကျွန်တော်တို့ မှတ်ပုံတင်ထုတ်ပေးရေး လုပ်ငန်းအတွက် ပြင်ဆင် ဆောင်ရွက်နေကြောင်း ရှင်းလင်းတင်ပြလိုပါတယ်ခင်ဗျ။

မေး။  ဟုတ်ကဲ့ပါဆရာ။ ဆရာတို့ဆီမှာ မှတ်ပုံတင်လာလုပ်ရမယ့် လူတွေအတွက် ဘယ်လို အထောက်အထားတွေ လိုသလဲ။ လိုတဲ့ အထောက်အထားတွေကို ပြည်သူတွေသိအောင် ဘယ်လိုတွေ လုပ်ဆောင်ပေးနေလဲဆိုတဲ့ အပိုင်းလေးကို ရှင်းပြပေးပါဦးရှင်။

ဖြေ။   ကျွန်တော်တို့ Website တွေ၊ Facebook Page တွေမှာလည်း ရှင်းလင်းတင်ပြထားသလို မြို့နယ်တွေမှာရှိတဲ့ မြို့နယ်တိုင်းရဲ့ ရုံးရှေ့တွေမှာ‌ရော၊ ပြည်သူလူထု မြင်သာတဲ့နေရာတွေမှာ ရော ဗီနိုင်းတွေနဲ့၊ ဆိုင်းပုဒ်တွေနဲ့ လူတွေသိအောင်၊ ပြည်သူတွေသိအောင် ကြေငြာပေးထား ပါတယ်။ Pamphlet တွေ ဝေငှခြင်းအားဖြင့်လည်း ပြည်သူလူထု ကြိုတင်ဆောင်ရွက်ရမယ့် အချက်တွေ၊ ကျွန်တော်တို့ရုံးက ဆောင်ရွက်ရမယ့်အချက်တွေကို သိအောင် ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေပါတယ်။ ကျွန်တော်တင်ပြခဲ့တဲ့ Media ကဏ္ဍနဲ့ ဒါတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိအောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်းလင်းတင်ပြလို ပါတယ်ခင်ဗျ။

မေး။  ဟုတ်ကဲ့ပါရှင့်။ အခုချိန်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ဘယ်လိုအသက်အရွယ်တွေကို ဦးစားပေးပြီးတော့ လုပ်ဆောင်ပေးနေလဲဆိုတာကို သိချင်ပါတယ်ရှင့်။

ဖြေ။   အခုချိန်မှာတော့ အသက် (၁၆) နှစ်ကနေ (၁၈) နှစ်ကြား၊ (၁၈) နှစ်အထက်၊ ကျွန်တော် ရှင်းလင်းတင်ပြခဲ့တဲ့ နေထိုင်မှုပုံစံ (၄) မျိုး စလုံးကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဒီမှာတဆက်တည်းဘဲ နေထိုင်မှုပုံစံ (၄) မျိုးကို ဆောင်ရွက်ပေးနေတဲ့ အချက်လေးကို ရှင်းလင်းတင်ပြ လိုပါတယ်

(၁)    ပထမတစ်မျိုးကတော့ လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်တယ်။ အိမ်ထောင်စု စာရင်းရှိတယ်။ မှတ်ပုံတင်မရှိတဲ့လူတွေ ဖြစ်ပါတယ်။

–       ကျွန်တော်တို့က မြို့နယ်ရုံးတွေမှာရှိတဲ့ ရုံးလက်ခံထဲကနေပြီးတော့ အိမ်ထောင်စု စာရင်းတွေမှာပါတဲ့  မိသားစုဝင်တွေကို ပြုစုပါတယ်။

–         အဲဒီပြုစုလို့ရတဲ့ စာရင်းတွေကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ တိုက်ဆိုင် စိစစ်ပြီးတော့ မှတ်ပုံတင် တကယ်မရှိတဲ့သူတွေကို ရှေ့ပြေးလျှောက်လွှာတွေကို ပေးပါတယ်။ –          ရှေ့ပြေးလျှောက်လွှာတွေ ကျွန်တော်တို့ဆီကို ပြန်ရောက်လာတဲ့အခါမှာ ရုံးမှာသော် လည်းကောင်း၊ ကွင်းဆင်းတဲ့အချိန်မှာသော်လည်းကောင်း၊ ဒီပြည်သူတွေက မှတ်ပုံတင် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။

(၂)     ဒုတိယအမျိုးအစားအနေနဲ့ကတော့ လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်ပြီးတော့ အိမ်ထောင်စာရင်းမရှိဘူး၊ မှတ်ပုံတင်လည်းမရှိတဲ့လူတွေ ဖြစ်ပါတယ်။

–         ဒါကတော့ မြေပြင်မှာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်‌ရေးမှူးတွေနဲ့ ပေါင်းစပ်ပြီးတော့ ကွင်းဆင်းဆောင်ရွက်တဲ့အခါမှာ လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်တဲ့ အိမ်ထောင်စု စာရင်းတွေကို ရရှိပါတယ်။

–         ဒါတွေကို ကျွန်တော်တို့က (၅) ဦး ကော်မတီနဲ့ စိစစ်အတည်ပြုပါတယ်။

–         (၅) ဦး ကော်မတီဆိုတာတော့ နိုင်ငံတော်က တရားဝင်ဖွဲ့စည်းပေးထားတဲ့ အိမ်ထောင်စု စာရင်းနဲ့ မှတ်ပုံတင်ထုတ်ပေးဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။  မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးက ဥက္ကဋ္ဌ၊ (မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီး ဌာန၊ ကျန်းမာရေးဦးစီးဌာန) က ဦးစီးအရာရှိတွေက အဖွဲ့ဝင်တွေဖြစ်ပြီးတော့၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အတွင်းရေးမှူး ဖြစ်ပါတယ်ခင်ဗျ။

–         ဒီ (၅) ဦး ကော်မတီက အတည်ပြုထားတဲ့ အိမ်ထောင်စုစာရင်းမှာပါတဲ့ မိသားစုတွေ အားလုံးကို ကျွန်တော်တို့ မှတ်ပုံတင် ထုတ်ပေးသွားမှာဖြစ်ပါတယ်။

(၃)     တတိယအမျိုးအစားကတော့ ရွှေ့ပြောင်းသွားလာနေထိုင်သူတွေအတွက်။ မူလဒေသ မှာ အိမ်ထောင်စုစာရင်းရှိတယ်၊ လက်ရှိမှာ မှတ်ပုံတင်မရှိတဲ့လူတွေ ဖြစ်ပါတယ်။

–         ဒါကတော့ လက်ရှိဒေသမှာနေထိုင်မှုကို ကျွန်တော်တို့ စိစစ်တဲ့အချိန်မှာ လက်ရှိ ဒေသမှာ နေထိုင်တယ် ဆိုရင်တော့ မူလဒေသက အိမ်ထောင်စုစာရင်းကို လက်ရှိဒေသမှာ ပြောင်းရွှေ့ချင်တယ်ဆိုရင် မြို့နယ်အချင်းချင်း ချိတ်ဆက်ပြီးတော့ အိမ်ထောင်စုပြောင်းဝင်၊ ပြောင်းထွက်ကို လုပ်ပေးပါတယ်။

–         အဲဒီလို အိမ်ထောင်စုစာရင်းရပြီဆိုရင် လက်ရှိဒေသမှာ အိမ်ထောင်စုစာရင်းအရ ပါဝင်တဲ့ မိသားစုဝင်အားလုံးက မှတ်ပုံတင်လုပ်နိုင်မှာ ဖြစ်ပါတယ် (သို့မဟုတ်) ကာယကံရှင်က မူလဒေသမှာဘဲ မှတ်ပုံတင် ပြန်လုပ်ချင်တယ်ဆိုရင်တော့ မြို့နယ်ရုံးအချင်းချင်း အကြောင်း ကြားပေးထားတာ ဖြစ်တဲ့အတွက် အလွယ်တကူဘဲ မူလဒေသမှာရှိတဲ့ အိမ်ထောင်စုစာရင်း အတိုင်း မှတ်ပုံတင်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။

(၄)     စတုတ္တအမျိုးအစားကတော့ မူလဒေမှာ အိမ်ထောင်စုစာရင်းမရှိဘူး။ လက်ရှိပြောင်း ရွှေ့နေတဲ့ဒေသမှာလည်း အိမ်ထောင်စုစာရင်းလည်း မရှိဘူး။ မှတ်ပုံတင်လည်းမရှိတဲ့လူတွေ ဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကျွန်တော်တို့က မြေပြင်မှာစိစစ်တဲ့အချိန်မှာ ရရှိလာတဲ့ အိမ်ထောင်စုစာရင်းတွေကို မူလဒေသမှာ တကယ်နေထိုင်ခဲ့ခြင်းရှိ/ မရှိ ကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးချင်း ညှိနှိုင်းပြီး မေးပါတယ်။

–         အဲဒီက အတည်ပြုချက် ရပြီဆိုရင်တော့ လက်ရှိဒေသမှာ (၅) ဦး ကော်မတီနဲ့ လက်မှတ်ရေးထိုးထားတဲ့ M တံဆိပ်ပါတဲ့ အိမ်ထောင်စုစာရင်းကို ထုတ်ပေးမှာဖြစ်ပါတယ်။ ဒီအိမ်ထောင်စုစာရင်းက သူတို့အတွက် တရားဝင် ရေရှည်ကိုင်ဆောင် အသုံးပြုသွားရမယ့် အိမ်ထောင်စုစာရင်းဖြစ်ပါတယ်။ အဲဒီမှာတော့ ကျွန်တော်တို့ M တံဆိပ် ရိုက်နှိပ်ထားပြီးတော့ ဒါကတော့ လက်ရှိနေတဲ့ အိမ်၊ ခြံ၊ တိုက်ခန်းတွေနဲ့ မည်သည့် ပိုင်ဆိုင်မှုနှင့်မှ သက်ဆိုင်တာ မဟုတ်ဘဲနဲ့ အိမ်ထောင်စုစာရင်း လုပ်ဖို့အတွက် ရေရှည်တရားဝင် ကိုင်ဆောင်နိုင်တဲ့ အိမ်ထောင်စုစာရင်း ဖြစ်ပါတယ်။

–         ဒီအိမ်ထောင်စုစာရင်း ရရှိသွားပြီဆိုရင်တော့ ဒီအိမ်ထောင်စုစာရင်းထဲမှာပါတဲ့ မိသားစု ဝင်တွေ၊ နိုင်ငံသားတွေအားလုံးက ရှေ့ပြေးလျှောက်လွှာကို ဖြည့်စွက်ပြီးတော့ မှတ်ပုံတင်ကို ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်းကို တဆက်တည်း ရှင်းလင်းတင်ပြလိုပါတယ်ခင်ဗျ။

မေး။  အခု အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ “ပန်းခင်း” စီမံချက် လုပ်ဆောင်နေတဲ့အခါမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရှိလားရှင့်။ ပြီးလို့ရှိရင် ဒီလို အခက်အခဲတွေ ကြုံလာရင်ရော ဘယ်လိုရင်ဆိုင် ကျော်လွှားနေလဲ သိလိုပါတယ်ရှင့်။

ဖြေ။   အခက်အခဲတွေကတော့ ရှိပါတယ်။ ဒါ အခုလက်ရှိ Stay At Home ကာလ သတ်မှတ်ထားတဲ့ မြို့နယ်တွေရှိတယ်။ Covid စည်းကမ်းအရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေရှိတယ်။ လုံခြုံရေးအရ အထိုက်အလျောက် ကန့်သတ်ချက်ရှိတဲ့ နေရာတွေရှိပါတယ်။ ဒါတွေကိုတော့ ကျွန်တော်တို့က လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ကျွန်တော် တို့ ပြည်သူလူထုနဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပူးပေါင်းအင်အားနဲ့ စနစ်တကျ စီမံပြီးတော့ ရုံးမှာရော၊ ကွင်းဆင်းတဲ့အချိန်မှာရော ဆောင်ရွက်နိုင်အောင် ကြိုတင် ပြင်ဆင်ထားပြီးတော့ Time Frame နဲ့ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဒီအခက်အခဲတွေ ကျော်လွှားပြီးတော့ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။

မေး။  ဟုတ်ကဲ့ပါဆရာ။ အခု ဒီ “ပန်းခင်း” စီမံချက်နဲ့ ပတ်သက်ပြီးတော့ ဆရာအနေနဲ့ ပြည်သူ တွေကို ပြောပြချင်တာ အများကြီးရှိဦးမယ်လို့လည်း ထင်ပါတယ်ရှင့်။ ထပ်ပြီးတော့လည်း ကျွန်မတို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ ဆရာနဲ့ချိတ်ဆက်ပြီးတော့ ထပ်ပြီးတော့ ပြည်သူတွေအတွက် သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ပြန်လည်မျှဝေသွားမှာ ဖြစ်တဲ့ အတွက် ဆရာ့ကို တခါတည်း ဖိတ်မန္တကပြုချင်ပါတယ် ဆရာ။

ဖြေ။   ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ကလည်း နိုင်ငံတော်ရဲ့စီမံချက်လည်း ဖြစ်တယ်၊ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ အဓိကလုပ်ငန်းတာဝန်လည်းဖြစ်တဲ့ ဒီ “ပန်းခင်း” စီမံချက်အပေါ်မှာ အခုလို စိတ်ဝင်တစား မေးမြန်းပေးတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို အထူးဘဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျ။

Sorry, the comment form is closed at this time.