ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကော့သောင်းမြို့ရှိ မြို့မတံတားနှင့် FOB ဆိပ်ကမ်းတို့ကို သွားရောက်ကြည့်ရှု၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများနှင့်ရန်ကုန်လေဆိပ်နှင့်ဆိပ်ကမ်းတို့မှ ဝန်ထမ်းများအားတွေ့ဆုံ၍ ရည်မှန်းချက်တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးမှာကြား။
နေပြည်တော်၊ မတ် ၂၁ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများနှင့်အတူ မတ်လ ( ၂၀ ) ရက် ညနေပိုင်းက ကော့သောင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်ဖြစ်သည့်မြို့မတံတားသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ ရေလမ်းခရီးဖြင့် တစ်ဖက်နိုင်ငံသို့ ဝင်ထွက်သွားလာသည့် အဓိကနေရာဖြစ်သည်နှင့်အညီ မြို့မတံတား ကြံ့ခိုင်ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေး၊ ဝင်ထွက်သွားလာမှုများ စနစ်တကျဖြစ်စေရေးတို့အတွက် အမြဲမပြတ်စစ်ဆေးဆောင်ရွက်ကြရေး တာဝန်ရှိသူများအား မှာကြားကာတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့မတံတားမှ ရေယာဉ်ဖြင့် ပါချန်မြစ်ကြောင်းတစ်လျှောက် ထွက်ခွာ၍ မြစ်ကမ်းခြေ၌ ငါးဖမ်းလှေများဆိုက်ကပ် ထားရှိမှု ၊တစ်ဖက် နိုင်ငံသို့ ငါးရောင်းဝယ်ရေးဆောင်ရွက်ရန် သွားရောက်မည့် ငါးဖမ်းလှေများအား လူဝင်မှု စစ်ဆေးရေး လုပ်ငန်း အပါအဝင် ဌာနဆိုင်ရာများပူးပေါင်း၍ One Stop Service ဖြင့် ဆောင်ရွက်သည့် Free On Boat ( FOB ) တံတားဆိပ်ကမ်း အခြေအနေကို ရေယာဉ်ပေါ်မှလည်းကောင်း၊ သူဌေးကျွန်းဟိုတယ်ရှိ လူဝင်မှုစစ်ဆေးရေးဂိတ်ကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြကာ ငါးဖမ်းလှေများ ဝင်/ထွက်သွားလာမှု အဆင်ပြေစေရေးနှင့် တရားမဝင် ဝင်/ထွက်မှုမရှိစေရေးစနစ်တကျ ကြီးကြပ်ဆောင်ရွက်ကြရန်တာဝန်ရှိ သူများ အား မှာကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူ များနှင့်အတူ မတ်လ ( ၂၁ ) နံနက် ( ၈ ) နာရီခွဲတွင် ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်း/ခရိုင်/ မြို့နယ် ဦးစီးမှူး ရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရည်မှန်းချက်တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နေမှု၊ ဝန်ထမ်း များအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေကာ ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင် နိုင်ရေးအခြေအနေ၊ ပန်းခင်းစီမံချက်အားသတ်မှတ်ကာလအတွင်း လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းအတွက် ဝန်ထမ်းအားလုံးအား မှတ်တမ်းတင် အသိအမှတ်ပြု ဂုဏ်ပြုမှုနှင့် ယင်းလုပ်ငန်းစဉ်အား စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအခြေအနေ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် နိုင်ငံခြားသား ထိန်းသိမ်းရေးလုပ်ငန်းများ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းများအား တက်ညီလက်ညီ ကြိုးပမ်းဆောင် ရွက်ကြရေး အခြေအနေ၊ ဝန်ထမ်းတိုင်းဥပဒေ၊ လုပ်ထုံး လုပ်နည်း ကျွမ်းကျင်ပိုင်နိုင်ရေးနှင့် နည်းပညာ ကျွမ်းကျင်ရေး တို့အတွက် ဆည်းပူးဆောင်ရွက်နိုင်ရေးအခြေအနေ၊ နိုင်ငံတော်အစိုးရ၏ လုပ်ငန်း ဆောင်ရွက်မှုများအပေါ် မျက်ခြေပြတ်မခံဘဲ အစဉ်လေ့လာ ဆောင်ရွက်ကြရေး အခြေအနေများ နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံကာ ကိုဗစ်-၁၉ရောဂါကြောင့် ကယ်ဆယ်ရေးလေယာဉ်နှင့် အရေးပေါ်လေယာဉ်များမှအပ နိုင်ငံတကာ လေကြောင်း လိုင်းများ ဝင်/ထွက် ပျံသန်းမှုကို ယာယီရပ်ဆိုင်းထားရာမှ ယခုအခါ ဧပြီလ ၁၇ ရက် မှစ၍ သတ်မှတ်စည်းကမ်းများအတိုင်း နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနဝန်ထမ်းများကလည်း နိုင်ငံခြားခရီးသွားများ၏ လူဝင်မှု စစ်ဆေးရေးလုပ်ငန်းများကိုစနစ်တကျပြန်လည်ဆောင်ရွက်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင် ထားကြရမည်ဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းအင်အားအခြေအနေနှင့် ကွန်ပျူတာစက်ကိရိယာများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့် အညီ ဆောင်ရွက်နိုင်ရေးတို့ကို ကြိုတင်မျှော်တွေးကာ လိုအပ်သည်များ ဖြည့်ဆည်းစီစဉ် ဆောင်ရွက် ထားကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြားသောဆက်စပ်ဌာနများနှင့် ပူးပေါင်းညှိနှိုင်းကာ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုအပ်ပါကြောင်း၊ ခရီးသည်များနှင့်ဆက်ဆံဆောင်ရွက်ရာတွင်လည်း ထိရောက်သောဝန်ဆောင်မှုပေးနိုင်ရေးအတွက် ယဉ်ကျေးပျူငှာစွာဖြင့် ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်းဖြင့် အကျယ်တဝင့်အမှာစကားပြောကြားကာ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေဆိပ် ထိန်းချုပ်ရေးစင်တာ (Airport Opeartion Control Centre) သို့ ရောက်ရှိရာ လုပ်ငန်းတာဝန်ခံက လေယာဉ်၀င်ထွက်မူထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမူ အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လာမည့်ဧပြီလ ၁၇ ရက်နေမှစ၍ နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရာတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဝန်ထမ်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။ ( – )
Sorry, the comment form is closed at this time.