ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲတက်ရောက်၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအားကျေးဇူးတင်စကားပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲတက်ရောက်၊

ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအားကျေးဇူးတင်စကားပြောကြား။

နေပြည်တော်၊ ဇူလိုင် ၁၃။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပန်းခင်း စီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြာက်အောင်မြင်ပွဲကို ဇူလိုင်လ ၁၃ ရက်၊ ယနေ့နံနက် (၉) နာရီခွဲက ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်သင့် သည့် နိုင်ငံသားအထောက်အထားကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် ရေးဆွဲကာ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို နိုင်ငံတစ်ဝန်း ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပန်းခင်းစီမံချက်သည် ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်အထိ (၁၈) လကြာ သတ်မှတ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ လျာထားသတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ စီမံချက်ကာလ (၁) နှစ်ကျော်ရှိပြီဖြစ်ပြီး ယင်းကာလအတွင်း ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေး၊ တနင်္သာရီ၊ မကွေး၊ ရခိုင်၊ မွန် စသည့် တိုင်းဒေသကြီး/ ပြည်နယ် (၈) ခုသည် တိုင်းလုံးကျွတ် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ပြီးဖြစ်ပါ ကြောင်း၊ ယခု ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် (၁၄)ခု၊ မြို့နယ်(၄၅)ခု၊ ရပ်ကွက်(၇၄၃)ခု၊ ကျေးရွာအုပ်စု (၆၂၁)အုပ်စု၊ ‌ကျေးရွာပေါင်း (၂၁၃၉)ရွာ ရှိပြီး  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ် ထုတ်ပေးရန် (၇၁၄၈၂၁)ကတ် လျာထားရာ ယခုအခါ သတ်မှတ်ကာလအတွင်း လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်‌အောင် ထုတ်ပေးပြီးဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးသည် (၉) ခုမြောက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးစီးသည့် တိုင်းဒေသကြီးတစ်ခုဖြစ် ပါကြောင်း၊ ပန်းခင်းစီမံချက်သည် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်ရသော်လည်း ဒေသအာဏာ ပိုင်များနှင့် အခြားသောဆက်စပ်ဌာနအဖွဲ့အစည်းများမှ ပူးပေါင်းကူညီပံ့ပိုးဆောင်ရွက်မှု များကြောင့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်၊ လုံခြုံရေးဆိုင်ရာ အဟန့်အတားများကြားမှ ယခုကဲ့သို့ သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းဖြစ်ရာ ဝန်ထမ်းများနှင့် ဝိုင်းဝန်းကူညီ‌ ဆောင်ရွက်ပေးကြသူများအားလုံးအား အထူးကျေးဇူးတင် ရှိပါကြောင်း၊ နိုင်ငံသားကတ်ပြားသည် လူတစ်ဦးချင်းအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားအထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်  အစိုးရက ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ရရှိရေး ဆောင်ရွက်ပေး နေသကဲ့သို့ မဲစာရင်းမှန်ကန်ရေးအတွက် မိမိတို့ဝန်ကြီးဌာန၊ မြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦး ရေစာရင်း ပုံစံ(၆၆/၆) နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းရှိ အချက်အလက်များကို ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ Online ဖြင့် နေပြည်တော်ရုံးချုပ်ရှိ Server သို့ ပေးပို့ဆောင်ရွက်သည့်လုပ်ငန်းကိုလည်း သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဆက်စပ် ဌာနအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအချက် အလက်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ မြေပြင်ကွင်းဆင်းကောက်ယူသည့် အချက် အလက်များကို တိုက်ဆိုင်စစ်ဆေးကာ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်လက်ဆောင်ရွက် ရမည့်အပြင် အဆိုပါ အချက်အလက်များသည် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းသည် လုပ်ငန်းသဘာဝအရ ရေရှည်စဉ် ဆက်မပြတ် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ရာ အားလုံးက ဆက်လက်၍ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက် ပေးကြစေလိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများအား ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” သီချင်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း ပန်းခင်းစီမံချက် ကြိုးပမ်းဆောင်ရွက်မှု Video Clip ကိုလည်းကောင်း သီဆိုပြသ ဖျော်ဖြေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်းစီမံချက် ပြီးမြောက်အောင်မြင်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တိုင်းအဆင့်တာဝန်ရှိ သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပန်းခင်းစီမံချက်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ ကြသည့်ဝန်ထမ်းများအား တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေးကာ ရာထူးတံဆိပ်များ တပ်ဆင်ပေး သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဦးစီးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြပြီးနောက် တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ဝင်းသိန်းက ပန်းခင်းစီမံချက်ပြီးမြောက်ခြင်း အထိမ်းအမှတ်တံဆိပ်ကို ပြည်ထောင်စုဝန်ကြီးထံ နေရာအရောက်ပေးအပ်သည်။

ယင်းနောက် တက်ရောက်လာကြသူများအား တိုင်းရင်းသားအဖွဲ့က စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိ သူများနှင့်အတူ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပန်းခင်းစီမံချက်ဆောင်ရွက်မှုမှတ်တမ်း များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

အခမ်းနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအ‌ဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများအား တွေ့ဆုံကာ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် အထွေထွေရွေးကောက်ပွဲကော်မရှင်နှင့် မိမိတို့ဌာနမှ ပေါင်းစပ်ဆောင် ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် ဒေသအာဏာပိုင်များ အနေဖြင့် ဆက်လက်ပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သိရှိလို၍ မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။ ( – )

Sorry, the comment form is closed at this time.