ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နောင်ကျင်းပမည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ နိုင်ငံတော်စီမံချက်များဖြစ်သည်နှင့်အညီအားလုံးကလုပ်ငန်း၏ အရေးပါမှုကို သိရှိနားလည်ထားကြရေးမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နောင်ကျင်းပမည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊

နိုင်ငံတော်စီမံချက်များဖြစ်သည်နှင့်အညီအားလုံးကလုပ်ငန်း၏ အရေးပါမှုကို သိရှိနားလည်ထားကြရေးမှာကြား။

နေပြည်တော်၊ ဇူလိုင် ၁၅  ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဇူလိုင်လ ၁၅ ရက်၊ ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထွေထွေရွေးကောက်ပွဲကော်မရှင်အပါအဝင် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရွေးကောက်ပွဲတွင် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်မဲပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်အထိ (၁၈) လတာ သတ်မှတ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ပေးရမည့်အရေအတွက် လျာထားသတ်မှတ်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ယခု (၁၅) လကြာကာလအတွင်း တိုင်းဒေသကြီး/ပြည်နယ် (၉) ခုသည် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များသည်လည်း လုံခြုံရေးကန့်သတ်ချက်အရ နေရာဒေသအနည်းငယ်သာ ဆောင်ရွက်ပေးရန် ကျန်ရှိနေခြင်း ဖြစ်ပါကြောင်း၊ ယခုထပ်မံ၍ ပန်းခင်းစီမံချက် အဆင့်(၂) ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁) ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်အထိ (၁၇) လကြာ သတ်မှတ်၍ ယင်းကာလအတွင်း အသက် (၁၈) နှစ်ပြည့်လာမည့်သူ နိုင်ငံသားများအတွက် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် အထွေထွေရွေးကောက်ပွဲ ကော်မရှင်နှင့်ဆက်စပ်ဌာနများ ပေါင်းစပ် ဆောင်ရွက်လျက်ရှိရာ မိမိတို့ဝန်ကြီးဌာန၏နိုင်ငံသားကတ် ထုတ်ပေးမှုနှင့် အိမ်ထောင်စုလူဦးရေ စာရင်းသည် အဓိကကျသည့် အထောက်အထား၊ အချက်အလက်များဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဌာန၊ မြို့နယ်ရုံးများရှိ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ပါ အချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ ပေးပို့ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်း အချက်အလက်များအပေါ်မူတည်၍ အထွေထွေရွေးကောက်ပွဲကော်မရှင် နှင့်ပူးပေါင်းကာ မြေပြင် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးကာ မှန်ကန်သည့်မဲစာရင်းကို ပြုစု ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံသားနံပါတ်များထပ်ခြင်း၊ မှားခြင်း၊ အိမ်ထောင်စု စာရင်းများ ကွဲလွဲ‌နေခြင်းတို့အား ဌာန၏လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပြီး လုပ်ငန်းအားလုံးသည် သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် နိုင်-၄ မှတ်တမ်းများအား Server အတွင်း ထည့်သွင်းခြင်းလုပ်ငန်းနှင့်ဆက်စပ်၍ မိမိတို့ဌာနမှ ‌ဆောင်ရွက်နေသည့် e-ID စနစ်အတွက် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ e-Government စနစ်၏ အခြေခံအကျဆုံး ဖြစ်သည့် e-ID စနစ်ကို မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်သဖြင့် အချက်အလက်များ တိကျမှန်ကန်စေရေး အတွက် ဂရုပြုအလေးထားဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ သို့ပါ၍ မိမိတို့ဌာန၏ ပန်းခင်းစီမံချက်ဆောင်ရွက်ခြင်း၊ နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) များအား နည်းပညာဖြင့်ဖြည့်သွင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများသည် နိုင်ငံတော်၏ အနာဂတ် အတွက် မဲစာရင်းမှန်ကန်ရေး၊ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံတော်စီမံချက်များဖြစ်သည်နှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသူအားလုံးက လုပ်ငန်း၏အရေးပါမှုကို သိရှိနားလည် ထားကြရန်လိုကြောင်း၊ အသိတူမှ အလုပ်တူမည်ဖြစ်သည့်အတွက် အောက်ခြေဝန်ထမ်းအဆင့် အထိ သိရှိနားလည်စေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ရှင်းလင်းချပြကြရန်နှင့် လုပ်ငန်း များစနစ်တကျ မှန်ကန်မြန်ဆန်စေရေးအတွက် ကြပ်မတ်စစ်ဆေးဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ သို့မှသာ ဌာန၏ ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ပြီး လိုအပ်ချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

          ထို့နောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း က မြို့နယ်ရုံးအသီးသီးမှ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ်(နိုင်-၄) မှတ်တမ်းပါ အချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါအချက်အလက်များ ပေးပို့ ပြီးစီးမှုနှင့် e-ID စနစ်လုပ်ငန်း ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လုပ်ငန်း ဆိုင်ရာ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြကြ သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဌာန၏လုပ်ငန်းတာဝန်များသည် နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် အရေးကြီးသည့်လုပ်ငန်းများဖြစ်သည့်အတွက် တွေ့ကြုံရမည့် အခက်အခဲ များကို စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။   ( – )

Sorry, the comment form is closed at this time.